မိတ္ထီလာ ၇ သြဂုတ်
မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း ညောင်ပင်သာကျေးရွာအနီး၌ သြဂုတ် ၆ ရက် ညနေ ၆ နာရီခွဲက မော်တော်ယာဉ်တစ်စီး ရှေ့ဘီးပေါက်၍ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော မော်တော်ဆိုင်ကယ် သုံးစီးအား ဝင်ရောက်တိုက်မိသဖြင့် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် (၁၆/၆)နှင့် (၁၆/၇)အကြား တံတားအမှတ်(၁၇/၄) ညောင်ပင်သာကျေးရွာအနီးတွင် မိတ္ထီလာဘက်မှ ဆန်းညွှန့်ဝင်း မောင်းနှင်လာသော YGN 6G/………ပရိုဘောက် အဖြူရောင်ယာဉ်မှာ ဘယ်ဘက်ရှေ့ဘီးပေါက်ကာ ကျောက်ပန်းတောင်းဘက် မျက်နှာချင်းဆိုင်မှ ဆန်းလွင် မောင်းနှင်ပြီး မတင်တင်စိုး လိုက်ပါစီးနင်းလာသည့် မော်တော်ဆိုင်ကယ်၊ မင်းမင်း မောင်းနှင်ပြီး ဇနီး မသဲမာ လိုက်ပါသည့် မော်တော်ဆိုင်ကယ်နှင့် သန်းမြင့် မောင်းနှင်လာသော မော်တော်ဆိုင်ကယ် (၃) စီးတို့အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
မင်းမင်းနှင့် မသဲမာတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး သန်းမြင့်နှင့် ဆန်းလွင်တို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းနှင်သူ ဆန်းညွှန့်ဝင်းအား အလည်ရွာ ရဲကင်းစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)