မိတ္ထီလာ ၇ ဇူလိုင်
မိတ္ထီလာ-တောင်ငူမြို့သို့ သွယ်တန်းလျက်ရှိသော 500KV ဓာတ်အားလိုင်းကြိုး သွယ်တန်းနေစဉ် ဇူလိုင် ၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် သွယ်တန်းနေ ဓာတ်အားလိုင်းကြိုး တင်းအားများ၍ တိုင်မှ မူလီနတ်များပြုတ်ထွက်ပြီး အမြင့်ပေ ၁၀ဝ ခန့်ရှိတိုင်ပေါ်မှ တရုတ်နိုင်ငံသား (၄)ဦးပြုတ်ကျရာ သုံးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၂၆၉/၆)၏ အနောက်ဘက် (၁)မိုင်ခန့်အကွာတွင် CEEC တရုတ်ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်နေသည့် မိတ္ထီလာ-တောင်ငူမြို့သို့ သွယ်တန်းလျက်ရှိသော 500KV ဓာတ်အားလိုင်း တိုင်အမှတ်(၉၁)တွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် Zi Fayou ၊ Li Wenquan ၊ Yang Shi Hua ၊ He Kaila တို့ (၄)ဦးသည် ဓာတ်အားလိုင်းကြိုး သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် သွယ်တန်းနေသော ဓာတ်အားလိုင်ကြိုး တင်းအားများ၍ တိုင်မှ မူလီနတ်များ ပြုတ်ထွက်ပြီး အမြင့်ပေ (၁၀ဝ)ခန့်ရှိ တိုင်ပေါ်မှ ပြုတ်ကျကာ Zi Fayou ၊ Li Wenquan တို့ နှစ်ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ Yang Shihua ၊ He Kaila တို့ နှစ်ဦးအား မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် He Kaila မှာ လမ်းတွင် သေဆုံးခဲ့ကြောင်း၊ Yang Shi Hua မှာ နှုတ်ခမ်းပေါက်ပြဲဒဏ်ရာများ ရရှိခဲ့၍ မိတ္ထီလာပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)