မိတ္ထီလာအကျဉ်းထောင်မှ အကျဉ်းသား ၅၄ ဦး၊ အကျဉ်းသူ ၂ ဦး လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်

မိတ္ထီလာ ၁၇ ဧပြီ

 


မြန်မာနှစ်သစ်မင်္ဂလာ အခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု၏ နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတစ်ဝန်းအကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသားအကျဉ်းသူ ၉၅၃၅ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးအား ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည်။ 

 


ထိုသို့ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ရာတွင် မိတ္ထီလာအကျဉ်းထောင်မှ အကျဉ်းသား ၅၄ ဦးနှင့် အကျဉ်းသူ ၂ ဦး လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့ကြောင်း သိရသည်။ “မိတ္ထီလာအကျဉ်းထောင်မှ အကျဉ်းသား ၅၄ ဦး၊ အကျဉ်းသူ ၂ ဦး စုစုပေါင်း ၅၆  ဦး လွတ်ငြိမ်းသက်သာခွင့်ရပါတယ်။  ရပ်ဝေးဒေသကို ပြန်ကြမယ့် လွတ်ငြိမ်းသက်သာခွင့်ရရှိသူတွေကို စားစရိတ်နဲ့ ခရီးစရိတ်လည်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်”ဟု မိတ္ထီလာ အကျဉ်းထောင်အကျဉ်းထောင်မှူး ဦးခင်ရွှေက ပြောသည်။ 

 


မိတ္ထီလာအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့သည့် အကျဉ်းသားအကျဉ်းသူများအား နိုင်ငံတော်အစိုးရ၏ စေတနာကို သိရှိနားလည်းပြီး နိုင်ငံအတွက် ကောင်းရာကောင်းကျိုးကို သယ်ပိုးနိုင်သူများဖြစ် နေထိုင်သွားကြရန်နှင့် ဘဝကို တန်ဖိုးရှိရှိ ဖြတ်သန်းနေထိုင်သွားရန် စသည်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင် တွေ့ဆုံအားပေးပြောကြားခဲ့ကြောင်း သိရသည်။  

 


ချမ်းသာ (မိတ္ထီလာ)