မိတ္ထီလာ ၂၄ ဧပြီ
မိတ္ထီလာအထွေထွေရောဂါကုဆေးရုံကြီးသို့ အလှူငွေနှင့် တစ်ကိုယ်ရေး ကာကွယ်ရေးဝတ်စုံများ၊ နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲကို ဧပြီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အလှူငွေနှင့် တစ်ကိုယ်ရေး ကာကွယ်ရေးဝတ်စုံများ၊ နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက တစ်ကိုယ်ရေးကာကွယ်ရေးဝတ်စုံ (၂၀)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက နှာခေါင်းစည်း အခု(၅၀၀)နှင့် လက်အိတ်အစုံ (၄၀)တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာညွှန့်စိန်ထံ ပေးအပ် လှူဒါန်းခဲ့သည်။ ထို့နောက် ဒေါက်တာမျိုးဦး (ရတနာအထူးကုဆေးခန်း)မှ အလှူငွေကျပ် တစ်သိန်း၊ ဦးမောင်မောင် (သုံးရာသီဝါးဆိုင်)မှ အလှူငွေကျပ် တစ်သိန်းငါးသောင်း၊ ပတ္တမြားသော့ အထွေထွေ ရောင်းဝယ်ရေးမိသားစုမှ အသက်ရှူစက်နှင့် တွဲအသုံးပြုနိုင်စေရန် ကုတင်တစ်လုံးတို့ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
မိတ္ထီလာအထွေထွေရောဂါကုဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် အလှူရှင် စေတနာရှင်များက နေ့စဉ်လာရောက်လှူဒါန်းလျှက်ရှိရာ ယနေ့အထိ အလှူရှိ ၁၅၂ ဦးတို့မှ လာရောက်လှူဒါန်းကြရာ အလှူငွေကျပ် ၂၈၂၁၂၅၀၀နှင့် ကျန်းမာရေးဆိုင်ရာ ဆက်စပ်ပစ္စည်းခန့်မှန်း တန်ဖိုးငွေကျပ် ၆၂၅ သိန်းကျော် ရှိပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန်ကပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


