မိတ္ထီလာ   ၂၇  မေ

 

မိတ္ထီလာခရိုင်အတွင်း အသုံးပြုလျက်ရှိသည့် မီတာများအား လူနဲ့ဖတ်ရှုသည့်စနစ်မှ Hand Held Unit စက်ဖြင့် ယခုလမှ စတင်၍ ဖတ်ရှုနိုင်ရေး ယနေ့ နံနက်ပိုင်း ခရိုင်လျှပ်စစ်မန်နေဂျာရုံးတွင် သင်တန်း ဖွင့်လှစ်၍ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

 

မီတာဖတ်ရှုရာတွင် လျင်မြန်မှန်ကန်စေရေးနှင့် ဌာနနှင့် ပြည်သူများကြား နစ်နာမှုမရှိစေရန်အတွက် လူနဲ့ဖတ်ရှုသည့်စနစ်မှ Hand Held Unit စက်ဖြင့် ဖတ်ရှုလို့ရသည့်မီတာများအား စက်နဲ့ဖတ်ရှုနိုင်ရေး မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ အငယ်တန်းအင်ဂျင်နီယာများ၊ မီတာ ဖတ်စာရေးများအား စက်ကိုင်တွယ်အသုံးပြုနည်း၊ Software ထည့်သွင်းနည်းများကို သင်ကြား ပို့ချ ပေးလျက်ရှိသည်။

 

ထိုသို့ သင်တန်းပို့ချပေးပြီးပါက မိတ္ထီလာခရိုင်အတွင်းရှိ  အသုံးပြုလျက်ရှိသည့် မီတာများ ကို Hand Held Unit စက်ဖြင့် ဖတ်ရှုမည်ဆိုလျှင် အိမ်တိုင်ရာရောက် သွားပြီး မီတာဖတရှု စရာမလိုတော့ဘဲ လမ်းမပေါ်မှ နေ၍ ကိုက် ၁၀ဝ အတွင်းရှိ မီတာများကို ဖတ်ရှုနိုင်ပြီး အသုံးပြုထားရှိသည့် Unit များကိုလည်း စက်မှ အတိအကျဖတ်ရှုနိုင်မည်ဖြစ်သည်။

 

၎င်းအပြင်  Hand Held Unitစက် တစ်လုံးလျှင် တစ်ရက် မီတာ ၁၀ဝ၀ ကျော် ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း မိတ္ထီလာခရိုင်လျှပ်စစ်မန်နေဂျာ ဦးယုမော် (အင်ဂျင်နီယာ)က ပြောသည်။

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အသုံးပြုလျက်ရှိသည့် လျှစ်စစ်မီတာ   ၄၈၃၆၅ လုံးရှိပြီး ၎င်းမီတာများကို ဖတရှုသည့် မီတာဖတ်စာရေး (၃၆)ဦးဖြင့်  လစဉ်ဖတ်ရှုလျက်ရှိရာမှ   လျင်မြန် မှန်ကန်စေရေး၊  ဌာနနှင့် ပြည်သူများကြား နစ်နာမှုမရှိစေရေးနှင့် မီတာဖတ်ရှုသည့် ဝန်ထမ်းများ လျှော့ချနိုင်ရေးအတွက် Hand Held Unit စက်ဖြင့် ဖတ်ရှုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင် ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အသုံးပြုလျက်ရှိသည့် လျှပ်စစ်မီတာ ၄၈၃၆၅ လုံးရှိသည့်အနက် Hand Held Unit စက်ဖြင့် ဖတ်ရှုနိုင်သည့် မီတာ ၁၂၉၇၉ ကို ယခုလမှ စတင်၍ Hand Held Unit စက် နှစ်လုံးဖြင့် ဖတရှုသွားမည်ဖြစ်သည်။

 

၎င်းအပြင် ဌာနမှ မီတာဖတရှုနိုင်သည့် အရေအတွက်ပေါ်မူတည်၍ Hand Held Unit စက်များ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း  မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသန်းလှိုင်က ပြောသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)