နေပြည်တော် ဇန်နဝါရီ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မင်းတဲကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် ဆိုလာစနစ်စက်ရေတွင်းများဖြင့် စိုက်ပျိုးရေရယူ စိုက်ပျိုးထားသော ကြက်သွန်နီစိုက်ခင်းနှင့် ကြက်သွန်မျိုးစေ့ထုတ် စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဒေသခံတောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စက်ရေတွင်းများတူးဖော်ခြင်း၊ ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေဖူလုံစွာရရှိပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် သာစည်မြို့နယ် ကမ္ဘားမြင့်ကျေးရွာတွင် တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားရှိသော ကြက်သွန်နီစံပြစိုက်ကွင်း ဧက(၁၀၀)ရှိ ရွှေဖလားထိပ်မောက်မျိုး ကြက်သွန်နီစိုက်ခင်းများကို ကြည့်ရှုပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် တမာကုန်းကျေးရွာအုပ်စု တမာကုန်းရွာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ၏ စိုက်ပျိုးရေရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆိုလာစနစ် စက်ရေတွင်းများရရှိရေး တင်ပြမှုအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးပြီး တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားရှိသော ကြက်သွန်စိုက်ခင်းကို ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


