မိတ္ထီလာ မေ ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၈၀ ကျော်ဖြင့် စိုက်ပျိုးဧက နှစ်ထောင်ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း လေးလမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များအတွင်းရှိ ကျေးရွာများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၏ ထုတ်ကုန်များ၊ မြို့ပေါ်သို့ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေး၊ လေလွင့်ဆုံးရှုံးမှု နည်းပါးစေရေးတို့အတွက် ကျေးလက် ကုန်ထုတ်လမ်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ၂၈၈ ဒသမ ၀၄၈ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူပြီး မိတ္ထီလာမြို့နယ် ရေဝေကျေးရွာနှင့် လယ်ကွင်းအမှတ် (၇၈၆) သို့ ဆက်သွယ်ထားသော ကုန်ထုတ်လမ်း အရှည် (၀/၇) မိုင်ရှိ လမ်းကို မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert တစ်စင်းနှင့် ရေပြွန်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ မလှိုင်မြို့နယ် ကျောင်းစု (န) ကျေးရွာ ကုန်ထုတ်လမ်း အရှည် (၀/၄ ဒသမ ၅၀) မိုင်ရှိ လမ်းကို မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ ရေကျော်တစ်စင်းနှင့် ရေပြွန်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဝမ်းတွင်းမြို့နယ် ခါးတက္ကန် ကျေးရွာမြောက်ဘက် ကွင်းအမှတ် (၁၂၃၉) သို့ ဆက်သွယ်ထားသော ကုန်ထုတ်လမ်း အရှည် (၁/၇) မိုင်ရှိ မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert ၈ စင်းနှင့် ရေပြွန် ၈ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ၊ သာစည်မြို့နယ် မရွေးကျေးရွာမှ တောင်ဘက်ကွင်းအမှတ် (၁၈၇၀)သို့ ဆက်သွယ်ထားသော ကုန်ထုတ်လမ်း အရှည် (၀/၆) မိုင်ရှိ မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert ၂ စင်းနှင့် ရေပြွန် ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက် ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၂ ရွာ၏ စိုက်ဧက ၂၀၃၁ ဧက၊ မွေးမြူရေး ၁၅၈၅ ခု၊ အိမ်ခြေ ၁၅၃၃ အိမ်၊ လူဦးရေ ၈၀၀၆ ဦးတို့ကို အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)