မိတ္ထီလာ၊ နိုဝင်ဘာ ၂

                       

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို မိတ္ထီလာခရိုင် အတွင်းရှိ ကျေးရွာ(၁၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

            

မိတ္ထီလာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်သွားနိုင်ရေး ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ ကျပ် သိန်း(၁၀၀)ထောက်ပံ့ပေးပြီး ကျေးရွာ(၁၆)ရွာကို ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ် သိန်း(၁၆၀၀)ဖြင့် မိတ္ထီလာမြို့နယ်တွင် ကျေးရွာ (၄)ရွာ၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ (၄)ရွာ၊ မလှိုင်မြို့နယ်တွင် ကျေးရွာ (၄)ရွာနှင့် သာစည်မြို့နယ်တွင် ကျေးရွာ (၄)ရွာတို့တွင်  အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ မိတ္ထီလာခရိုင်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ (၂၁၃)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

           

ယင်းသို့ ကျေးလက်ဒေသများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)​ဆောင်ရွက် ခြင်းဖြင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှု တိုးတက်လာစေရန် ရည်ရွယ်၍ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ထောက်ပံ့ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသားများ ဦးဆောင်၍ ကျေးရွာ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ကျေးရွာလျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သိန်းမြင့်ကျော်(မိတ္ထီလာ)