မိတ္ထီလာ၊   ၁၀   ဖေဖော်ဝါရီ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ (၆၅)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နှင့် မြို့ပြ ကွာဟမှုများ ကျဉ်းမြောင်း စေရန်၊ ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှု တိုးတက်လာစေရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)ထောက်ပံ့ပေးပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်ရန်အတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်လျက်ရှိရာမှ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်မြို့နယ်များတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာ(၆၅)ရွာကို ဆောင်ရွက်သွားမည်ဖြစ် ပြီး ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် သိန်း(၁၀ဝ)နှုန်းနှင့် ကျေးရွာလူထုထည့်ဝင်ငွေ၊ လူထုလုပ်အားများပူးပေါင်းပြီး ကျေးရွာ၏ အခြေခံလိုအပ်ချက်ဖြစ်သော ရေရရှိရေးလုပ်ငန်း ၊ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း၊ ၄၀ဝ ဗို့အား လျှပ်စစ်မီးလိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်းနှင့် ကျေးရွာဘက်စုံသုံးခန်းမဆောက်လုပ်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်သည်။ 

ယင်းသို့ ဆောင်ရွက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို မိတ္ထီလာမြို့နယ်တွင် ကျေးရွာ (၂၀)၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ (၁၅)ရွာ၊ မလှိုင်မြို့နယ်တွင် ကျေးရွာ (၁၅)ရွာနှင့် သာစည်မြို့နယ်တွင် ကျေးရွာ (၁၅)ရွာတို့တွင်  ငွေကျပ် သိန်း(၆၅၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

မိတ္ထီလာခရိုင်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ( ၁၄၅ )ရွာကို အကောင်အထည်ဖော် ဆောင် ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)