မိတ္ထီလာ၊ နိုဝင်ဘာ ၁၅

 

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာလေးရွာ၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း  ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များမှ ကျေးရွာလေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင်  မိတ္ထီလာမြို့နယ်မှ ကန်သာကျေးရွာ၊ မလှိုင်မြို့နယ်မှ အုတ်ကျင်း + ကသစ်ပင် ကျေးရွာ၊ ဝမ်းတွင်းမြို့နယ်မှ အောင်သာကျေးရွာနှင့် သာစည်မြို့နယ်မှ မဒါန်းကျေးရွာများတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် မြစိမ်းရောင် ကျေးရွာကော်မတီကို ကျေးရွာသူ ကျေးရွာသားများ၏ ဆန္ဒဖြင့် ဖွဲ့စည်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင်တွင် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အထိ အကျိုးပြုကျေးရွာ ၂၀၀ ကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)