မိတ္ထီလာ ဇန်နဝါရီ ၂၄

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပသည့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံ အပူပိုင်းဇုန်တွင် သီးနှံများပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်း ရင်းများကို လေ့လာဆန်းစစ်ခြင်းစီမံကိန်း(၂၀၂၂)မှ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ဇန်နဝါရီ ၂၃ ရက်က ခရိုင်စိုက်ပျိုးရေးရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

 

စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းတွင် စီမံကိန်းညွှန်ကြားရေးမှူး ဒေါက်တာခင်မာလေးက စီမံကိန်း အကြောင်းနှင့် သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မိတ္ထီလာခရိုင် စိုက်ပျိုးရေးဌာနမှ ဦးစီးမှူး ဒေါ်စန္ဒာလင်းက နွေသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် နည်းပညာ များ စနစ်တကျလိုက်နာစေရေး ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်သက်သက်ထွန်း က မြေဆီလွှာနှင့် အပင်အာဟာရဓာတ်များ စီမံခန့်ခွဲခြင်းနည်းအကြောင်း၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းသင်းထက်က သီးနှံဖျက်ပိုးရောဂါများ ကာကွယ်နှိမ်နင်းနည်းအကြောင်း၊ တိုင်းဒေသကြီးမျိုးစေ့ တာဝန်ခံ ဒေါ်မင်းမင်းသွင်က မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးများ၏အရည်အချင်းလက္ခဏာများအကြောင်း၊ တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့် က သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံအထွက်နှုန်းမထိခိုက်စေရေး ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများအကြောင်းကို ပို့ချခဲ့သည်။

 

အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ဦးမြို့နယ်များမှ စိုက်ပျိုးရေးဝန်ထမ်း ၃၀ နှင့် စိုက်ပျိုးရေးတောင်သူ ၁၂၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)