မိတ္ထီလာ ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း ဒေသခံတောင်သူများ နွေစပါးနှင့်နွေသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဌာနထိန်း ဆည်၊ ကန်၊ တမံများမှတစ်ဆင့် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး လျက်ရှိကြောင်း မိတ္ထီလာခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။
မိတ္ထီလာခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ခရိုင်အတွင်းရှိ မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်တို့အတွင်း ဒေသခံတောင်သူများ သီးနှံ အချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းမှ စတင်ပြီး စိုက်ပျိုးရေများ ပေးဝေလျက်ရှိသည်။ မိတ္ထီလာခရိုင်အတွင်း ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ဧက ၇ဝ၄ဝ၊ နွေနှမ်းနှင့် အခြားသီးနှံ ဧက ၂၅၁၃ဝ စုစုပေါင်း နွေသီးနှံ ဧက ၃၂၁၇ဝ ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


