မိတ္ထီလာ ၇ သြဂုတ်
မိတ္ထီလာခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် အနယ်နယ်အရပ်ရပ်မှ လာရောက် ပြသဆေးကုသမှုခံယူလျက်ရှိသည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူများ များပြားသော်လည်း သေဆုံးမှုမရှိကြောင်း သိရသည်။
ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်း၍ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားအောင် အသိပညာပေးဟောပြောခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သည့် ခြင်ကျားပေါက်လေ့ရှိသည့် နေရာများဖြစ်သည့် ရေအိုးရေစည်များနှင့် ရေတင်ကျန်နိုင်သော ပစ္စည်းများအား အဖုံး ဖုံးအုပ်ခြင်း၊ ဆေးကြော၍ သွန်ပစ်ခြင်း၊ ခြင်လောက်လန်း တွေ့သောရေကို နောက်တစ်အိုးသို့ ရေစစ်၍ လဲလှယ်ပြောင်းထည့်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
သွေးလွန်တုပ်ကွေးရောဂါသည် တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီတွင် အများဆုံးဖြစ်ပွားလေ့ရှိသည်။ မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည့် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာ သံသယလူနာများအား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ရှိမရှိ စမ်းသပ်စစ်ဆေးပြီး သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာတွေ့ရှိပါက လိုအပ်သည့်ဆေးဝါးများ ကုသပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံးကြီးသို့ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်၊ ပျော်ဘွယ်၊ နတ်မောက်၊ ရမည်းသင်း၊ ကျောက်ပန်းတောင်း၊ တောင်သာမြို့နယ်များရှိ ရောဂါဝေဒနာခံစားနေရသူများ လာရောက် ဆေးကုသမှု ခံယူလျက်ရှိရာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များသည့် ဇူလိုင်လတွင် ၁၀၁ ဦး ရှိကြောင်း သိရသည်။ တစ်နှစ်အောက်ကလေး (၁၆) ဦး၊ ၂ နှစ်မှ ၄နှစ်အထိ (၁၉) ဦး၊ ၅ နှစ်မှ ၉ နှစ်အထိ (၄၈) ဦး၊ ၁၀ နှစ်အထက် (၁၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာပြည်သူ့ဆေးရုံကြီးတွင် လာရောက်ကုသသည့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူများမှာ ၂၀၁၈ခုနှစ်တွင် (၃၀၉)ဦးရှိပြီး (၄) ဦးသေဆုံးခဲ့သော်လည်း ယခုနှစ်တွင် ဇန်နဝါရီလမှ ဇူလိုင်လအထိ (၁၉၆) ဦးရှိပြီး သေဆုံးမှု မရှိခဲ့ကြောင်း မိတ္ထီလာပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


