မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နွေနှမ်းစိုက်ပျိုးဧက ၁၃၄၅၇ ဧက စိုက်ပျိုးနိုင်

မိတ္ထီလာ၊ မေ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နွေနှမ်းသီးနှံစိုက်ပျိုးဧက ၁၃၄၅၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်တွင်းစားသုံးဆီဖူလုံပြီး စားအုန်းဆီတင်သွင်းမှုလျော့ချနိုင်ရေး ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ပံ့ပိုးကူညီလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆီထွက်သီးနှံများဖြစ်သည့် နေကြာနှင့် မြေပဲသီနှံများကို မိုးဦးနှင့် မိုးနှောင်းရာသီ (ဆောင်းရာသီ)တို့တွင် စိုက်ပျိုးလျက်ရှိကြပြီး နှမ်းသီးနှံကို နွေရာသီ၊ မိုးဦးနှင့် မိုးနှောင်း(ဆောင်းရာသီ) တို့တွင် စိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံဖြစ်သည့် နွေနှမ်းသီးနှံကို ဆည်ရေကန်ရေတို့ဖြင့် စိုက်ပျိုးဧက ၁၂၉၅၄ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားခဲ့ပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစတင်၍ စိုက်ပျိုးလျက်ရှိသည်။

 

ယင်းသို့ သတ်မှတ်လျာထားပြီး စိုက်ပျိုးခဲ့ရာ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆည်ရေ၊ ကန်ရေများအပြင် စက်ရေတွင်းများဖြင့် နွေနှမ်းစိုက်ဧက ၁၃၄၅၇ ဧက စိုက်ပျိုးပြီးစီပြီဖြစ်ကြောင်း သိရသည်။                                                               

သိန်းမြင့်ကျော်(မိတ္ထီလာ)