မိတ္ထီလာ ၊ နိုဝင်ဘာ ၈

 

မိတ္ထီလာခရိုင်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ငါးခုကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် လက်မှုပညာရပ်များဖြင့်  တစ်ပိုင်တစ်နိုင် ဆောင်ရွက်လာပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု သင်တန်း ငါးခုကို  ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင်  ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

အဆိုပါသင်တန်းများကို မိတ္ထီလာမြို့နယ်တွင် သံဂဟေဆက်သင်တန်း၊ မလှိုင်မြို့နယ်တွင်   ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်း၊ ဝမ်းတွင်းမြို့နယ်တွင် ဆိုင်ကယ်ပြုပြင်နည်း သင်တန်းနှင့်  သာစည်မြို့နယ်တွင် သစ်သီးယိုစုံနှင့် ဖျော်ရည်ပြုလုပ်နည်းသင်တန်း၊ အခြေခံဂဟေဆက် သင်တန်းတို့ကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)