မိတ္ထီလာ၊ နိုဝင်ဘာ ၂၇

 

မိတ္ထီလာခရိုင်တွင် ဆီစားသုံးမှုဖူလုံစေရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်းနေကြာ စိုက်ဧက ရှစ်ထောင်ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအတွင်း ဆီစားသုံးမှုဖူလုံစေရေးအတွက် ဦးစီးဌာန၏ ကြီးကြပ်မှု အောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ကျေးလက်နေတောင်သူများက ဆောင်းနေကြာကို မိုးသီးနှံများသိမ်းဆည်းပြီးချိန် စက်တင်ဘာလမှစတင်၍  စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့စိုက်ပျိုးရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် ဆောင်းနေကြာ စိုက်ဧက ၁၄၆၉ ဧက၊ မလှိုင်မြို့နယ်တွင် ဧက ၃၀၀၀ ၊ သာစည်မြို့နယ်တွင် ၂၉၉၃ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ဧက ၉၀၀ တို့ကို စိုက်ပျိုးသွားရန်လျားထားပြီး စိုက်ပျိုးလျက်ရှိရာ ယခုဆိုလျှင် မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာစိုက်ပျိုးဧက ၂၂၅၆ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ရာ  ကျန်ရှိနေသော ဧကများကိုလည်း ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။

 

မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်းနေကြာကို  မိတ္ထီလာမြို့နယ်တွင် ၁၄၆၉ ဧက၊ မလှိုင်မြို့နယ်တွင် ၉၃၀ ဧက၊ သာစည်မြို့နယ်တွင် ၂၉၉၃ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ၁၃၇၇ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)