မိတ္ထီလာ   ၆   အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ  ခုနှစ်သိန်းတစ်သောင်းကျော်ရှိပြီး မဲရုံပေါင်း ၁၀၆၈ ရုံရှိကြောင်း မိတ္ထီလာခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိတ္ထီလာခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ မူဝါဒများကို ဆောင်ရွက်လျက်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်းပိုင်းကာလဆိုပြီး ကာလသုံးပိုင်ဖြင့်  ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲကြိုကာလတွင် ပါဝင်သော မဲဆန္ဒရှင်စာရင်းကောက်ယူခြင်း၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာရာတွင်  ပထမအကြိမ်ကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၁၄ ရက်ထိ  ရက်ပေါင်း (၂၁)ရက်ကို ကြေညာခဲ့ပြီးဖြစ်သည်။ ဒုတိယအကြိမ်အဖြစ်  မဲဆန္ဒရှင်စာရင်းကို  အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်များရဲ့ ကွပ်ကဲမှုအောက်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများနှင့် ကျေးရွာခွဲ အဆင့်အထိ ကပ်ထားကြေညာလျက်ရှိသည်။

 

ယင်းသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မိတ္ထီလာမြို့နယ်တွင် (၂၅၂၀၂၉)ဦး၊ သာစည် မြို့နယ်တွင် (၁၅၅၆၆၂)ဦး၊  ဝမ်းတွင်းမြို့နယ်တွင် (၁၉၂၃၈၄)ဦးနှင့် မလှိုင်မြို့နယ်တွင် (၁၁၈၃၃၂)ဦးရှိရာ မိတ္ထီလာခရိုင်တွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် (၇၁၈၄၀၇)ဦးရှိပြီး မသန်းစွမ်းမဲဆန္ဒရှင်  ၂၂၇၅ ဦး နှင့် ရှမ်းတိုင်းရင်းသားမဲဆန္ဒရှင် (၁၆၄)ဦး ပါဝင်လျက်ရှိသည်။ ၎င်းအပြင်  မဲရုံအနေဖြင့် မိတ္ထီလာ မြို့နယ်တွင် (၂၉၁)ရုံ၊ သာစည်မြို့နယ်တွင် (၂၄၉)ရုံ၊  ဝမ်းတွင်းမြို့နယ်တွင် (၃၁၈)ရုံနှင့် မလှိုင်မြို့နယ်တွင် (၂၁၀)ရုံရှိရာ မိတ္ထီလာခရိုင်တွင်  မဲရုံပေါင်း(၁၀၆၈)ရုံရှိသည်။ အဆိုပါမဲရုံများတွင် သီးခြားတပ်မဲရုံ (၁၄)ရုံ၊  ရဲတပ်ရင်းမဲရုံ (၁)ရုံ၊ တပ်နှင့် အရပ်ဖက်ပူးပေါင်းထားသည့် မဲရုံ(၈)ရုံပါဝင်ကြောင်း မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ  အတွင်းရေးမှူး ဦးမျိုးမင်းထိုက်ထံမှ ပြောပြ၍ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)