မိတ္ထီလာ၊ ဒီဇင်ဘာ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ ၆ လ၌ ငွေလုံးငွေရင်း (မူလ)ရန်ပုံငွေ ကျပ်  ၁၁၈ သန်းကျော်ဖြင့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာ၌ အဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းများအား ဒီဇင်ဘာ ၂၀ ရက်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ကျေးလက်နေပြည်သူများ၏ လယ်ယာအထောက်အကူပြု ကုန်ထုတ်လမ်းသွယ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုန်ထုတ်လမ်းများ ခင်းခြင်းလုပ်ငန်းများကို နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၁၁၈ ဒသမ ၁၈၂၃ သန်းဖြင့်  ဝမ်းတွင်းမြို့နယ်တွင် တင်ဒါအောင်မြင်သည့် TNT Myanmar Construction Co., Ltd မှ တာဝန်ယူပြီး အင်းကန်းကုန်းကျေးရွာ အရှေ့ဘက် ကွင်းအမှတ်(၁၂၅၂/၂၀၆၁)သို့ သွားသော ကုန်ထုတ်လမ်း အရှည် ၁ မိုင် ၃ ဖာလုံရှိ လမ်းကို မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert (၄)စင်း တည်ဆောက်ခြင်း လုပ်ငန်းများနှင့် သာစည်မြို့နယ်တွင် တိုးဝေလျှံကုမ္ပဏီမှ တာဝန်ယူပြီး အောင်မြင်သာကျေးရွာမှ ကွင်းအမှတ် (၁၇၉၂၊ ၁၇၉၄၊ ၁၇၉၆)သို့ ဆက်သွယ်သော ကုန်ထုတ်လမ်း အရှည် ၁ မိုင်ရှိ လမ်းအား  မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert (၂)စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို နိုဝင်ဘာ ၂၁ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအတွက် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။          

 

သိန်းမြင့်ကျော်(မိတ္ထီလာ)