မိတ္ထီလာ  ၃၁  ဇန်နဝါရီ 


မိတ္ထီလာမြို့ရှိ မိတ္ထီလာကန်မှာ နိုင်ငံတစ်ဝန်း ထင်ရှားကျော်ကြားသည့် သမိုင်းဝင် ကန်ကြီးဖြစ်ပြီး ကန်ပတ်ဝန်းကျင်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနေခြင်းကြောင့် ကန်ပတ်ဝန်းကျင် အမှိုက်ကင်းစင်ရေးနှင့် သန့်ရှင်းသာယာစေရေးအတွက် ကန်အနီးတွင် အပန်းဖြေ လာရောက်သူများနှင့် ဈေးဆိုင် ဖွင့်လှစ်ရောင်းချသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။


“မိတ္ထီလာကန်ဆိုတာ ကျွန်တော်တို့ မိတ္ထီလာ မြို့သူမြို့သားတွေ သာမကဘဲ နိုင်ငံတစ်ဝန်းက  လူတွေလည်း အမြဲတမ်း စိတ်ဝင်တစားရှိပြီး တန်ဖိုးထားတဲ့ သမိုင်းဝင်ကန် ဖြစ်ပါတယ်။ မိတ္ထီလာကန်ဟာ သမိုင်းဝင်ကန် ဖြစ်ပေမယ့် အခုဆိုရင် ကန်ပတ်ဝန်းကျင်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေကြောင့် ကန်အနီးမှာရော၊ ကန်ရေစပ် ရေထဲမှာရော အမှိုက်သရိုက်တွေ နေ့စဉ်မြင်တွေ့ နေရပါတယ်။ မိတ္ထီလာ ကန်ပတ်ဝန်းကျင်မှာ အပန်းဖြေ လာရောက်တဲ့ ဒေသခံ တချို့နဲ့ ပတ်ဝန်းကျင်မှာ ဈေးဆိုင်ဖွင့်လှစ် ရောင်းချသူများ အနေနဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းမပြုဘဲ ကန်အနီးနဲ့ ကန်ထဲမှာ အမှိုက်ကင်းစင်ရေး၊ ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါတယ်” ဟု မိတ္ထီလာကန် ချစ်သူများအဖွဲ့မှ ကိုလတ်ဇော်က ပြောသည်။


မိတ္ထီလာကန် အထက ၁ ကန်ပတ်လမ်း အနီးတွင် လာရောက် အပန်းဖြေ အနားယူသည့် ဒေသခံအမျိုးသား အမျိုးသမီးငယ် တစ်ချို့၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ၊ မိတ္ထီလာမြောက်ကန် ကန်ပတ်လမ်းအနီး ဈေးဆိုင်တစ်ချို့၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ယင်းနေရာများအနီးရှိ မိတ္ထီလာကန် ပတ်ဝန်းကျင်နှင့် ကန်ရေစပ်ထဲတွင် အမှိုက်သရိုက်များကို နေ့စဉ်မြင်တွေ့နေရသည်။ 


မိတ္ထီလာကန် ပတ်ဝန်းကျင်တွင် အမှိုက်ကင်းစင်ရေးနှင့် သန့်ရှင်းသာယာ လှပရေးအတွက် မိတ္ထီလာကန် ချစ်သူများ အဖွဲ့က ကန်ပတ်ဝန်းကျင်တွင် တနင်္ဂနွေနေ့တိုင်း စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဝင်စားသည့် ဒေသခံ လူငယ်လူကြီးများက တစ်ပိုင်တစ်နိုင် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ခြင်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


ချမ်းသာ(မိတ္ထီလာ)