မိတ္ထီလာ ၂ ဇွန်

 

မိတ္ထီလာကန်ရေ ပေးဝေလျက်ရှိသည့် ပေါက်ချောင်းရပ်ကွက်တွင် ကန်ရေ ဆက်လက်ပေးဝေနိုင်ရေး ရေသွယ်မြောင်းနှင့် ရေစုကန်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

 

မိတ္ထီလာမြို့ပေါ်ရှိ ဒေသခံပြည်သူများမှာ သောက်သုံးရေအဖြစ် မိတ္ထီလာကန်ရေကို အဓိကအားထား၍ အသုံးပြုလျက်ရှိရာ စည်ပင်သာယာရေးအဖွဲ့မှ မိတ္ထီလာကန်ရေကို ရေသန့်စင်စက်ရုံများဖြင့် မြို့ပေါ် ရပ်ကွက်များသို့  သောက်သုံးရေကို ဖြန့်ဝေပေးလျက်ရှိသည်။

 

ထိုသို့ မိတ္ထီလာကန်ရေများ ဖြန့်ဝေပေးလျက်ရှိရာမှ ယခင်နှစ်က မိုးရွာသွန်းမှုနည်းပါး၍ ကန်အတွင်း ရေဝင်ရောက်မှု နည်းပါသည့်အတွက် ပေါက်ချောင်းကွက်သစ်သို့ ရေတိုင်ပေါင်း ၁၉၈တိုင် ရေပေးဝေလျက်ရှိသည့် ရေစက်ရုံမှ ရေစုကန်မှာ ရေနည်းသည့်အတွက် ဆက်လက်ရေဖြန့်ဝေနိုင်ရေး မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့် ရေပိုမိုစုနိုင်ရန်နှင့် ရေဝင်ရောက်နိုင်ရန် အရှည် ပေ ၁၃၀ ရှိ ရေသွယ်မြောင်းနှင့် အကျယ်ပေ ၂၀ အနက်  ၁၀ ပေရှိ ရေစုကန်ကို မေလ ၂၂ ရက်နေ့မှ စတင်၍ ပြန်လည်တူးဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ ရေစုကန်နှင့် ရေသွယ်မြောင်းတူးဖော်ခြင်းလုပ်ငန်းမှာ (၈၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းပြီးစီးပါက ပေါက်ချောင်းကွက်သစ်အတွင်းရှိ အိမ်ထောင်စု (၂၅၀)မှ ရေတိုင်ပေါင်း ၁၉၈ တိုင်ကို ယခင်က တစ်ရက်ခြား ရေပေးဝေလျက်ရှိရာမှ နေ့စဉ်ရေပေးဝေနိုင်မည်ဖြစ်ကြောင့် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းက ပြောကြားခဲ့သည်။

 

မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်များသို့ စည်ပင်သာယာရေးအဖွဲ့မှ မိတ္ထီလာကန်ရေကို ရေသန့်စင်စက်ရုံများဖြင့် ရေဖြန့်ဝေပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်သို့ ဖြန့်ဝေသည့် ရေတိုင်ပေါင်း ၉၃၁၃ တိုင် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)