နေပြည်တော်၊ နိုဝင်ဘာ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ရာဂီမုန်တိုင်းအရှိန်‌ကြောင့် စမုံချောင်းအတွင်း ချောင်းရေများ အလုံးအရင်းဖြင့်ဝင်ရောက်ခဲ့ပြီး ရေကြီးရေလျှံ၍ ရေတိုက်စား‌ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကင်းတားဆည်ရေသောက်စနစ်၊ ကင်းတား လက်ဝဲမြောင်းမကြီး၏ စမုံ‌ရေငုပ်ပြွန်နှင့် ‌‌ရေပေးမြောင်းများ၊ မိတ္ထီလာလွင်ပြင်ရေတင်စီမံကိန်း၏ ရေတင်စနစ်များ၊ ရေတင်စက်ရုံများနှင့် ရေပေးမြောင်းများ အချိန်နှင့်တပြေးညီ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုနှင့် ရေ‌သောက်ဧရိယာများတွင် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများစိုက်ပျိုး ရေပေးဝေနေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်း၏ ရေကြီးနစ်မြုပ်မှု ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရေတင်စနစ်၊ ရေယူအဆောက်အအုံ၊ ရေတင်စက်ရုံ၊ ပန့်၊ မော်တာ၊ Transformer ၊ ဓာတ်အားလိုင်းများ၊ ဆက်စပ်လျှပ်စစ် ပစ္စည်းများနှင့် ရေပေးမြောင်းများ အချိန်နှင့်တ‌ပြေးညီ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေ၊ မိတ္ထီလာလွင်ပြင်လျှပ်စစ် ရေတင်စီမံကိန်း၏ ရေကြီးနစ်မြုပ်သွားသည့် မော်တာ၊ ပန့်နှင့် ဆက်စပ်လျှပ်စစ်ပစ္စည်းများအား အလျှင်အမြန်ပြုပြင်ခဲ့၍ မိုးစပါး (၄၀၁၉) ဧက ဆက်လက်ရေပေးဝေမှု အခြေအနေများကို တာဝန်ရှိသူများကရှင်းလင်းတင်ပြ ဒုတိယဝန်ကြီးက ဒီဇိုင်းပုံစံများရေးဆွဲရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးနှင့် မိုးစပါးစိုက်တောင်သူများအတွက် အောင်ရေရသည်အထိ သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ပေါင်းစပ်ဆောင်ရွက်‌ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ စမုံရေငုပ်ပြွန်အသစ်တည်ဆောက်မည့်နေရာ၊ ကင်းတားလက်ဝဲမြောင်း ရေကူရေတင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ Control House, Transformer နှင့် လျှပ်စစ်လိုင်းများ ဆောင်ရွက်၍ စမုံရေငုပ်ပြွန်အနီး ယာယီအစီအစဉ်ဖြင့် စိုက်ပျိုးရေပေးဝေမှု အခြေအနေမျာအားလည်းကောင်း၊ မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းမှ ဆက်လက်ရေပေးဝေလျက်ရှိသော မိုးစပါးစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်