မိတ္ထီလာ နိုဝင်ဘာ ၁

မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောက်လုပ်လျှက်ရှိသော ကျောင်းဆောင်သစ်အား ဖေဖော်ဝါရီလအကုန်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာထံမှ သိရသည်။  

မိတ္ထိလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၁၀၀.၈ သန်း နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၉၈.၄ သန်းတို့ဖြင့် အလျား ပေ ၁၄၀ ၊အနံ ပေ ၃၀ရှိ  RCC နှစ်ထပ်ကျောင်း ဆောင်ကို Bright Star Wave Co;Ltdမှ တာဝန်ယူပြီး ဧပြီလ ၂၅ ရက်မှ စတင်၍ တည်ဆောက်လျှက်ရှိရာ  ၆၅ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ပြီး အဆိုပါကျောင်းဆောင်သစ်ကို ဖေဖော်ဝါရီလအကုန်တွင် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းကျောင်းဆောင်သစ်အား ဆောက်လုပ်လျှက်ရှိသည့် တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။

 မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများ ပညာ သင်ယူရာတွင် ကျောင်းဆောင်လိုအပ်ချက်မရှိစေရေးအတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ကျောင်းဆောင် သစ်များကို တို့ချဲ့ဆောက်လုပ်ပေးလျှက်ရှိရာ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံ ပညာစာသင်ကျောင်း(၂၃)ကျောင်းတို့မှ အန္တရာယ်ရှိသောကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင် သစ်များကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူ၍  ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
                 
သိန်းမြင့်ကျော်(မိတ္ထီလာ)