မိတ္ထီလာ ၁၃ ဧပြီ
မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ အသက်ရှူစက်နှစ်လု့း ပေးအပ်လှူဒါန်းပွဲကို ဧပြီ ၁၃ ရက် နံနက် ၁၀ နာရီက အဆိုပါဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းက မိတ္ထီလာအထွေထွေရောဂါကုဆေးရုံကြီး၌ အထောက်အကူပြု အသုံးပြုနိုင်စေရန် VENTILATOR အသက်ရှူစက်နှစ်လုံးကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာညွှန့်စိန်က လက်ခံခဲ့သည်။ ထို့နောက် မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ဆန် ၁၀ အိတ်၊ ကြက်ဥ အလုံး ၅၀၀၊ ဆီ ၅ ပိဿာ၊ ခေါက်ဆွဲခြောင် ၁၀ ဖာနှင့် ဆေးရုံတွင် တက်ရောက်ကုသနေသော လူနာတစ်ဦးလျှင် ကြက်ဥ ၅ လုံး၊ ကော်ဖီမစ် ၅ ထုပ်၊ လက်ဘက်ရည်ထုပ် (၅)ထုပ်၊ ခေါက်ဆွဲခြောက် ၁ ထုပ်နှုန်းဖြင့် လူနာ ၁၅၀ ဦးအတွက် ကြက်ဥ (၇၅၀)လုံး၊ ကော်ဖီမစ် (၇၅၀)ထုပ်၊ လက်ဘက်ရည်ထုပ် (၇၅၀)ထုပ်နှင့် ခေါက်ဆွဲခြောက် (၁၅၀)ထုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် နေလသစ်သီးပွဲရုံမှ ငွေကျပ် (၅)သိန်း၊ သီရိဝင်း ကောဇောဆိုင်မှ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ (၅၀)နှင့် နှာခေါင်းစည်း ၁၀၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ အထွေထွေဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် အလှူရှင် စေတနာရှင်များက အလှူငွေနှင့် ဆက်စပ်ပစ္စည်းများကို နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိရာ ဧပြီ ၁၃ ရက်အထိ အလှူရှင် ၇၇ ဦးမှ အလှူငွေ ကျပ် ၂၄၈၉၂၅၀၀ နှင့် ဆက်စပ်ပစ္စည်း ခန့်မှန်းတန်ဖိုး သိန်း (၆၀၀)ကျော်ရှိပြီဖြစ်ကြောင်း မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာညွှန့်စိန်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


