မိတ္ထီလာ ၃၀ အောက်တိုဘာ
မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်ခုံစေတီတော်၌ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် အလှူရှင်နှင့် ဂေါပကအဖွဲ့တို့ ပူးပေါင်း၍ အောက်တိုဘာ ၂၉ ရက်နေ့ ညမှစတင်၍ ဆီမီးတစ်ထောင် ပူဇော်ခဲ့ကြောင်း သိရသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ဓမ္မသုခရွှေစည်ခုံစေတီတော်ကြီးကို ဒေသခံပြည်သူများနှင့် ဂေါပကအဖွဲ့တို့မှ နှစ်စဉ် ဆီမီးပူဇော်လျက်ရှိရာ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား၍ လူစုလူဝေး မရှိစေရန်အတွက် ဘုရားဖူးပြည်သူများအား ယာယီပိတ်ထားသော်လည်း ဓမ္မသုခရွှေစည်ခုံ စေတီတော်ကြီးတွင် ဆီမီးပူဇော်ခြင်းကို အစဉ်အလာမပျက် ဂေါပကအဖွဲ့မှ (၆)ကြိမ်မြောက်အဖြစ် ဆီမီး တစ်ထောင်ကို အလှူရှင်နှင့် ပူးပေါင်း၍ အောက်တိုဘာ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၃)ရက်တိုင်တိုင် ညနေ (၆) နာရီအချိန်တွင် ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓမ္မသုခရွှေစည်ခုံစေတီတော်ကြီးကို ယခင်က သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ဒေသခံ ပြည်သူများနှင့် ဂေါပကအဖွဲ့တို့မှ သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့မှ စတင်၍ (၅)ရက်တိုင်တိုင် ညစဉ် ဆီမီးနှစ်ထောင်ကို ပူးဇော်ခဲ့ကြောင်း ဓမ္မသုခရွှေစည်ခုံစေတီတော်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဇော်မိုး ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


