မိတ္ထီလာ ၃ နိုဝင်ဘာ
မိတ္ထီလာမြို့တွင် ယနေ့နံနက် ၆ နာရီမှ စတင်ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ လာရောက်ဆန္ဒမဲပေးသည့် မဲရုံများကို မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းနှင့် အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု့ စစ်ဆေးကြသည်။
ပြည်သာယာ(မ)၊ ပြည်သာယာ(တ)၊ ကျီတော်ကုန်း၊ အောင်ဇေယျာ ၊ ရတနာမာရ်အောင်၊ မြို့မ၊ အောင်ဆန်း၊ ရှမ်းတဲရပ်ကွက်/ ကျေးရွာများရှိ မဲရုံများတွင် ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်နေရာအတွက် မဲဆန္ဒရှင်များ လာရောက်ဆန္ဒမဲပေးနေမှုနှင့် မဲရုံများတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်၊ ဒုတိယမဲရုံကိုယ်စားလှယ် နှင့် စောင့်ကြည့်လေ့လာ သူများ၏ ဆောင်ရွက်နေမှုအခြေအနေကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းထိုက်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြ သည်။
မိတ္ထီလာမြို့တွင် မန္တလေးတိုင်းဒေသကြီးရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် တစ်နေရာအတွက် တစ်သီးပုဂ္ဂလ ဦးအောင်ဌေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်နန်းထွေးမှုံ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းအောင်ကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းပန်းဆိုင်း(ခ)ဦးစိုင်းထွန်းစိန်(ခ) ဦးကျော်စိန်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာစိုင်းကျော်အုန်းတို့က လွှတ်တော်ကိုယ်စားလှယေ် လာင်းများ အဖြစ် ဝင်ရောက်အရွေးချယ်ခံသည်။
ယနေ့ ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်း မှာအိမ်ထောင်စု ၁၄၂ စု ၊ အမျိုးသား ၇၅ ဦး ၊ အမျိုးသမီး ၈၁ ဦး စုစုပေါင်း ၁၅၆ ဦးရှိပြီး ၄င်းတို့ ဆန္ဒမဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ နယ်မြေများတွင် မဲရုံ ၁၇ ရုံ ထားရှိစီစဉ်ပေး ထားကြောင်းသိရသည်။
ချမ်းသာ (မိတ္ထီလာ)