မိတ္ထီလာ ၁၁ ဇူလိုင် 

 

မိတ္ထီလာမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းပညာနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများကို ဇူလိုင် ၁၆ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သင်တန်း၊ စက်ပြင်စက်မောင်းသင်တန်း၊ အခြေခံစက်ချုပ်နည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ကိုဗစ်-၁၉ ကာလအတွင်း အဆိုပါသင်တန်းများကို ယာယီရပ်နားထားခဲ့ရသည်။ ထိုသို့ ယာယီရပ်နားထားခဲ့ရာမှ ဇူလိုင် ၁၆ ရက်မှ သြဂုတ် ၂၁ ရက်အထိ ရက်ကန်းသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများကို ပြန်လည်ဖွင့်လှစ် အခြေခံရက်ကန်းပညာ တတ်မြောက်သည့် သင်တန်းသား (၁၀)ဦးကို ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည်။

 

၎င်းအပြင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် တစ်မြို့နယ်လျှင် သင်တန်းသား (၃၅)ဦးနှုန်းဖြင့် ဇူလိုင် ၁၆ ရက်မှစတင်၍ ရက်တိုသင်တန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက ပြောကြားသည်။ 

 

သိန်းမြင့်ကျော်(မိတ္ထီလာ)