မိတ္ထီလာ ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရတနာမာရ်အောင်ရပ်ကွက်ရှိ အမှတ်(၁)ရေစက်ရုံမှ အောင်ဇေယျာရပ်ကွက်ရှိ စက်သုံးဆီလမ်းထိပ် ရေစုကန်သို့ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်လိုက် ရေရရှိရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ထို့သို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၂၆.၇၃)သန်းဖြင့် တင်ဒါအောင်မြင်သည့် Triple Thar Co,Ltdမှ တာဝန်ယူပြီး အရှည်ပေ ၃၀၀၀၊ အကျယ် ၆ လက်မရှိ (PVC)ပိုက်အား ရတနာမာရ်အောင်ရပ်ကွက်ရှိ အမှတ်(၁)ရေစက်ရုံမှ အောင်ဇေယျာ ရပ်ကွက်ရှိ စက်သုံးဆီလမ်းထိပ် ရေစုကန်သို့ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကို ဇွန်လ ပထမပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
၎င်းရေပိုက်သွယ်တန်းခြင်းလုပ်ငန်းပြီးစီးပါက အောင်ဇေယျာ ရပ်ကွက်၊ ချည်စက်ရပ်ကွက်ရှိ ထီလာဦးနယ်မြေနှင့် မဟာစည်ရပ်ကွက်များရှိ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရပ်ကွက်များအား သောက်သုံးရေဖြန့်ဝေရာတွင် မဟာစည်ရပ်ကွက်ရှိ အဝီစိတွင်းမှ တဆင့် အောင်ဇေယျာရပ်ကွက်ရှိ စက်သုံးဆီလမ်းထိပ် ရေစုကန်သို့ ရေပိုက်သွယ်တန်းပြီး သောက်သုံးရေများကို ဖြန့်ဝေပေးလျက်ရှိရာမှ ၎င်းအဝီစိတွင်းရေသည် ထုံးဓါတ်များ ပါရှိလာသည့်အတွက် ဒေသခံပြည်သူများအား ကျန်းမာရေးထိခိုက်မှုမရှိစေရန်နှင့် ရေပိုက်များပျက်စီးသည့်အတွက်ကြောင့် မိတ္ထီလာကန်ရေဖြန့်ဝေနိုင်ရန် ရတနာမာရ်အောင်ရပ်ကွက်ရှိ အမှတ်(၁)ရေစက်ရုံမှ အောင်ဇေယျာရပ်ကွက်ရှိ စက်သုံးဆီလမ်းထိပ် ရေစုကန်သို့ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာအဖွဲ့ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


