မိတ္ထီလာ ၇ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ သမိုင်းဝင်ဖောင်တော်ဦးဘုရားပွဲကို (၁၃၆) ကြိမ်မြောက်အဖြစ် စက်တင်ဘာ ၆ ရက်၌ စတင်ကျင်းပခဲ့ပြီး လှေပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ လှေပြိုင်ပွဲအား တစ်ရက်တိုး၍ ၆ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မိတ္ထီလာမြို့ ဖောင်တော်ဦးဘုရား လှေပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ သိရသည်။
"ကျွန်တော်တို့က စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်မှာရှိတဲ့ ဆရာတော်သံဃာတော်တွေ ပင့်ဖိတ်ပြီး ဗုဒ္ဓဘိသေကမင်္ဂလာပွဲ ကျင်းပပြီး ပွဲတော်ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ လှေပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီမှာ စကျင်းပမှာပါ။ မနှစ်က လှေပြိုင်ပွဲမှာ အကြီးတန်း ၆ သင်း၊ အငယ်တန်း ၁၁ သင်း ယှဉ်ပြိုင်ခဲ့ပေမယ့် ဒီနှစ် အကြီးတန်းက ၆ သင်းဆိုပေမယ့် အငယ်တန်းက (၂၂) သင်းထိ တိုးတတ်လာပြီး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ယခင်နှစ်က လှေပြိုင်ပွဲကို (၅) ရက်နဲ့အပြီး ယှဉ်ပြိုင်ခဲ့ပေမယ့် အသင်းတွေတိုးလာတဲ့အတွက် ဒီနှစ် (၅) ရက်နဲ့မလောက်တော့ပါဘူး။ (၆) ရက်ကျင်းပမှာ ဖြစ်ပါတယ်။ မနှစ်က တစ်ရက်ကို (၇)ပွဲ ယှဉ်ပြိုင်ခဲ့ပေမယ့် ဒီနှစ်(၁၄)ပွဲလောက်နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဖွင့်ပွဲနေ့မှာ မနက် ၁၀ နာရီစပြီး နောက်ရက်တွေမှာ နံနက် ၈ နာရီစပြီး အချိန်တိုးယှဉ်ပြိုင်မှာ ဖြစ်ပါတယ်" ဟု မိတ္ထီလာမြို့ သမိုင်းဝင် ဖောင်တော်ဦးဘုရား လှေပြိုင်ပွဲ ဖြစ်မြောက်ရေးဆပ်ကော်မတီ ကော်မတီဥက္ကဋ္ဌ မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းမှ လှေပြိုင်ပွဲ အချိန်နှင့်ရက်တိုး၍ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။
ယခုနှစ် သမိုင်းဝင်ဖောင်တော်ဦးဘုရားပွဲ လှေပြိုင်ပွဲကို အကြီးတန်းအသင်း (၆) သင်း လှေပြိုင်ပွဲနှင့် အငယ်တန်းအဆင့်အသင်း (၂၂) သင်း လှေပြိုင်ပွဲကို အုပ်စု (၆) စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုရရှိသူများကို အကြီးတန်း၌ ပထမဆု ငွေကျပ် (၅) သိန်း၊ ဒုတိယဆု ငွေကျပ် (၃) သိန်း၊ တတိယဆုငွေကျပ် (၂)၊ အငယ်တန်းတွင် ပထမဆု ငွေကျပ် (၃) သိန်း၊ ဒုတိယဆုငွေကျပ် (၂)သိန်း၊ တတိယဆုငွေကျပ် (၁)သိန်းတို့အပြင် ပထမဆုရရှိသည့် အသင်းများအား ဆုကလပ်များ ချီးမြင့်မည်ဖြစ်ကြောင်း၊ ဆုရရှိသော အသင်းသားများအား လှေပြိုင်ပွဲအသင်း လည်ဆွဲတံဆိပ်များ ထည့်သွင်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် လှေပြိုင်ပွဲတွင် ထူးခြားမှုအနေဖြင့် ယခင်က ယှဉ်ပြိုင်ခဲ့သော သစ်သားလှေအစား မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ လှူဒါန်းထားသော အလျား ၃၆ ပေ ရှိသော ဖိုက်ပါလှေ (၂) စီးဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း လှေပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီထံမှ သိရသည်။
ဘိုဘို(မလှိုင်)


