မိတ္ထီလာ ၈ ဖေဖော်ဝါရီ
မိတ္ထီလာမြို့ ထီလာဦး မျက်စိအထူးကုဆေးရုံမှ မျက်စိဝေဒနာရှင်များအား အခမဲ့ မျက်စိ ခွဲစိတ်ကုသ ပေးခြင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်က ခွဲစိတ်ကုသပေးခဲ့ကြောင်း ထီလာဦး မျက်စိအထူးကုဆေးရုံမှ သိရသည်။

ကျေးလက်ဒေသများတွင် သီတင်းသုံးနေထိုင်တော်မူကြကုန်သော သာသနာ့ဝန်ထမ်းများဖြစ်ကြ သည့် ရဟန်းသံဃာများ၊ သီလရှင်များနှင့် အသက်အရွယ်ကြီးသည့် အဘိုးအဘွားများအား စက္ခုနှစ်ကွင်း အလင်းရရှိကောင်းမွန်စေရန် ရည်ရွယ်၍ လစဉ် လပြည့်နေ့တိုင်း အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိရာ (၁၂၉)ကြိမ်မြောက်ရှိပြီဖြစ်ပြီး ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ သာစည်၊ တောင်ကြီး၊ မလှိုင်၊ တောင်သာ၊ ရပ်စောက်၊ အောင်ပန်း၊ လာရှိုး၊ ဝမ်းတွင်းမြို့များနှင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သီတင်သုံးတော်မူကြကုန်သော သာသနာ့ဝန်ထမ်းများဖြစ်သည့် ရဟန်းသံဃာများ၊ သီလရှင်များနှင့် အဘိုး အဘွားများ လာရောက် ခွဲစိတ်ကုသမှုခံယူခဲ့ရာ ယနေ့အထိ ရဟန်းသံဃာ (၁၆၆၃)ပါး၊ သီလရှင် (၇၃၈) ပါးနှင့် လူပုဂ္ဂိုလ်(၁၁၆၇)ဦး အထိ ခွဲစိပ်ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ခွဲစိတ်ကုသပေးရာတွင် ရေတိမ်၊ အတွင်းတိမ်များကို အဓိက ခွဲစိတ်ကုသပေးပြီး ခွဲစိတ်ပြီး လူနာများကို ဆေးဝါးများနှင့်အတူ နေကာမျက်မှန်၊ ပါဝါမျက်မှန်များကိုပါ ပေးအပ်လှူဒါန်းခဲ့ကြောင်း ထီလာဦး မျက်စိအထူးကုဆေးရုံမှ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်ဇော်ထွန်းက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)