မိတ္ထီလာ ၂၀ ဧပြီ

 

မိတ္ထီလာမြို့ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ၌ ဓာတုချည်ဆိုးဆေးနမူနာပစ္စည်းများ ဓာတ်ပြုပြီး ဧပြီလ ၂၀ ရက်နေ့ (ဝ၀.၃၀) နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ဖြစ်စဉ်မှာ မိတ္ထီလာမြို့ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံရှိ ချည်စက်ရုံအမှတ်(၂)တွင် အရည်အသွေး စစ်ဆေးရေး (QC)အခန်းအတွင်း Chemical ဓာတုချည်ဆိုးဆေးနမူနာပစ္စည်းများ တပ်ထားသည့် စင်ပေါ်၌ Hydrogen peroxide နှင့် Acetic Acid တို့ ထားရှိရာမှ ဓာတ်ပြုပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ အုပ်ချုပ်မှူးယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၇)စီး၊ အထောက်အကူပြုယာဉ်(၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီး စုစုပေါင်း (၁၇)စီးနှင့်အတူ သန္ဓေတပ်ဖွဲ့ဝင် (၄၉)ဦး၊ သီသန့်မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦးနှင့် စက်ရုံဝန်ထမ်းများမှ ဝိုင်းဝန်ငြိမ်းသတ်ခဲ့ရာ (ဝ၁.ဝ၀)နာရီ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုကြောင့် ချည်စက်ရုံအမှတ်(၂)၏ အဆောက်အဦရှေ့ပိုင်းမျက်နှာကျက် (၁၅၀’ X ၃၀’) သစ်သားဖရိန် ဘိလပ်မြေအမိုးပြားများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူးက ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)