မိတ္ထီလာ  ၂၂   ဖေဖော်ဝါရီ 


မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် ဝန်ဇင်းဟိုတယ်တွင် ဖွင့်လှစ်ထားသည့် ပန်းလေပြေ ကာရာအိုကေ ဆိုင်၏ DISCO Light မီးအား သွယ်တန်းထားသည့် ဝါယာကြိုးများ အပူလွန်ကဲ၍ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


နန်းတော်ကုန်းရပ်ကွက် ဝန်ဇင်းဟိုတယ်တွင် ဖွင့်လှစ်ထားသည့် ပန်းလေပြေ ကာရာအိုကေဆိုင်၏ DISCO Light မီးအား သွယ်တန်းထားသည့် ဝါယာကြိုးများ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်သိပြည်သူ တစ်ဦးမှ မြို့နယ်မီးသတ်စခန်းသို့ တယ်လီဖုန်း သတင်းပေးပို့ခဲ့သဖြင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်(၄၅)ဦးတို့သည် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ယာဉ်(၆)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အထောက် အကူပြုယာဉ်(၂)စီး စုစုပေါင်း(၁၁)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၄၅ မိနစ်အချိန်က မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် မျက်နှာကြက်အတွင်းရှိ ဝါယာကြိုးများနှင့် DISCO Light မီးအား သွယ်တန်းထားသည့် ဝါယာကြိုးများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။


မီးလောင်မှုဖြစ်ပွားသည့် ပန်းလေပြေကာရာအိုကေဆိုင် မန်နေဂျာ ဦးဝင်းဆန်းအား မြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)