မိတ္ထီလာ  ၉   ဧပြီ

 

မိတ္ထီလာမြို့စည်ပင်သာယာဈေးကြီးတွင် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များ၊ စားသုံးကုန်များနှင့် ဆေးဝါးများအား ပုံမှန်ဈေးနှုန်းထက် ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း ရှိမရှိကို  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

 “ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အရေးကြီးကုန်စည်များဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန် ပစ္စည်းများကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိစေရန် မိတ္ထီလာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး စည်ပင် သာယာဈေးကြီး၊ ဗဟိုဈေးကြီးနှင့် ပိတောက်မြိုင်ဈေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထို့အပြင် အဆိုပါပစ္စည်းနှင့် ဆေးဝါးများကို မရိုးမဖြောင့်သောသဘောဖြင့်  ပုံမှန်ဈေးနှုန်းထက် ဈေးနှုန်းတိုးမြှင့် ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အနည်းဆုံးထောင်ဒဏ်(၆)လမှ အများဆုံး ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့်အပြင် ကျပ် ငါးသိန်းထက် မပိုသော ငွေဒဏ်ကိုလည်း ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း ဈေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ပြီး သိရှိလိုက်နား ဆောင်ရွက်ရမည့် အသိပေး စာရွက်စာတန်းများကို ဈေးဆိုင်များ အား ဖြန့်ဝေပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မြင့်က ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချ လျက်ရှိသော စားသုံးကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောင်းချလျက်ရှိသည့်ဆိုင်ပေါင်း ၂၄၀၅ ဆိုင် ရှိသည့်အနက်  မရှိမဖြစ်လိုအပ်သော  စားသောက်ကုန်ရောင်းချသည့်ဈေးဆိုင်နှင့်  ဆေးဝါးပစ္စည်း ရောင်းချသည့်ဆိုင်ပေါင်း (၆၃၆)ဆိုင်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားပြီး အဝတ်အထည်ဆိုင်များ အပါအဝင် အခြားဆိုင်များကို  ဧပြီလ ၆ ရက်နေ့မှ (၂၁)ရက်နေ့ထိ ခေတ္တယာယီ ပိတ်သိမ်း ထားရှိကြောင်း ဈေးအရာရှိ ဦးအောင်ကျော်က ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)