မိတ္ထီလာ   ၄   မေ

မိတ္ထီလာမြို့ အရှေ့ပြင်စျေးရပ်ကွက်ရှိ မြို့မစျေးကြီးပတ်လမ်းတွင် လမ်းပိတ်ဆို့ပြီး လူစုလူဝေး မဖြစ်ပေါ်စေရန်  တစ်လမ်းမောင်းစနစ်ဖြင့် နှာခေါင်းစည်းများ တပ်ဆင်၍ စနစ်တကျမောင်းနှင်စေရန် မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်အတွက် မြို့မစျေးကြီး၏ ပတ်လမ်းဖြစ်သည့် စျေးအရှေ့ဘက်လမ်းနှင့် စျေးတောင်ဘက်လမ်းများတွင် ကုန်တင်ကုန်ချသည့် မော်တော်ယာဉ်များဖြင့် လမ်းပိတ်ဆို့ပြီး စျေးရောင်းချသူများ၊ စျေးဝယ်သူများဖြင့် လူစုလူဝေးဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့ လမ်းပိတ်ဆို့ပြီး လူစု လူဝေးမဖြစ်ပေါ်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်နှင့်ဝန်ထမ်းများနှင့် တာဝန်ရှိသူများက  စျေးပတ်လမ်း လူစည်ကားချိန်ဖြစ်သည့် နံနက် ၈ နာရီမှ ၁၁ နာရီအချိန်အထိ ယာဉ်များရပ်၍ ကုန်တင်ကုန်ချ ဆောင်ရွက်ခြင်းမရှိစေရန်နှင့် တစ်လမ်းမောင်းစနစ် ဆောင်ရွက်ထားရှိသည့် ၎င်းလမ်းများတွင် သွားလာ သည့် စျေးသည်များ၊ စျေးဝယ်များ နှာခေါင်းစည်းများတပ်ဆင်၍ စနစ်တကျမောင်းနှင်ကြရန် ကြီးကြပ် ဆောင်ရွက်ခဲ့သည်။

 

၎င်းအပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်အတွက် စျေးရောင်းချသည့် စျေးသည်များကိုလည်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာဖြင့် သတ်မှတ်ထားသော နေရာများတွင် စျေး ရောင်းချရန်နှင့် ယင်းသို့စျေးရောင်းချရာတွင်လည်း နှာခေါင်းစည်းများ တပ်ဆင်ကြရန် ကြီးကြပ်ဆောင်ရွက် ခဲ့ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)