မိတ္ထီလာ  ၂၃  ဧပြီ

 

မိတ္ထီလာမြို့မ ဈေးကြီးအတွင်း ဈေးရောင်းဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မင်္ဂလာအထည်ချုပ်လုပ်ငန်းတို့ ပူးပေါင်းမှုဖြင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ဧပြီလ ၂၃  နံနက် ၈နာရီက ဆောင်ရွက်ကြောင်း သိရသည်။

 

  “ မိတ္ထီလာမြို့မဈေးကြီးအတွင်းမှာ ဈေးရောင်းဈေးဝယ်လာရောက်သူတွေကို ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ရည်ရွယ်ပြီး နှာခေါင်းစည်းတွေ အခမဲ့ဖြန့်ဝေတာကို မြို့နယ်စည်ပင် သာယာရေးကော်မတီနဲ့ မင်္ဂလာအထည်ချုပ် လုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်တာပါ။ ကနဦး နှာခေါင်းစည်း (Mask) နှစ်သောင်း အခမဲ့ချုပ်လုပ် ဖြန့်ဝေသွားမှာဖြစ်ပြီး ပထမဆုံး နှာခေါင်းစည်း (Mask)  ငါးထောင် ချုပ်လုပ်ပြီးစီးတာကို ဈေးရောင်းချသူတွေကို  အခမဲ့ စတင်ဖြန့်ဝေပေးတာဖြစ်ပြီး ဈေးဝယ်လာရောက်သူတွေကိုလည်း ဆက်လက်ဖြန့်ဝေ ပေးသွားမှာ ဖြစ်ပါတယ်။ ပညာပေးအနေနဲ့ အခုလို့ နှာခေါင်းစည်း (Mask)  အခမဲ့ဖြန့်ဝေ ပေးတာဖြစ်ပြီး နောင်မှာ နှာခေါင်းစည်း(Mask)  တပ်ဆင်ပြီး ဈေးရောင်းချခြင်းမပြုရင် ဈေးရောင်းခွင့်ပိတ်သွားမှာဖြစ်ပြီး ဈေးဝယ်လာရောက် သူတွေကိုလည်း နှာခေါင်းစည်း (Mask)  တပ်ဆင်ပြီးမှပဲ ဈေးထဲကို ဝင်ရောက် ဈေးဝယ်ခွင့်ပြုမှာ ဖြစ်ပါတယ် ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင် က ပြောသည်။

 

မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် မင်္ဂလာအထည်ချုပ် လုပ်ငန်းတို့ ပူးပေါင်း၍ အခမဲ့ ဖြန့်ဝေပေးသည့် နှာခေါင်းစည်းများမှာ ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်ပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးနိုင်ရေးအတွက် ဒေသခံစေတနာရှင်အလှူရှင်များကလည်း ဆက်သွယ် ပံ့ပိုးကူညီ လှူဒါန်းလျက်ရှိသည်။

 

မိတ္ထီလာ မြို့မဈေးကြီးတွင် လက်ရှိအချိန်၌ စားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်း ရောင်းချသည့် ဆိုင်များကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားပြီး ဈေးဖွင့်ချိန် ပိတ်ချိန်အား နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ ပြောင်းလဲဖွင့်လှစ်ပေးထားကြောင်း သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ)