မိတ္ထီလာ ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၁၄၁)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာ ၁ဝ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တော်သလင်းလတိုင်း နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာ ၁ဝ ရက်က စတင်ပြီး စက်တင်ဘာ ၁၇ ရက် တော်သလင်းလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်း၊ တော်သလင်းလဆန်း ၈ ရက်တွင် ဖောင်တော်ဦးစေတီတော်မြတ်ဘုရား အနေကဇာတင်ခြင်း၊ ဘုရားအမှူးရှိသော သံဃာတော်မြတ်များကို ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း အစပြုပြီး ဆွမ်းသပိတ်လောင်းလှူပွဲ၊ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုက ပြောသည်။
သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဆွမ်းသပိတ်လောင်းလှူပွဲ၊ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲများအပြင် ခြင်းအလှခတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ပွဲဈေးတန်း ဈေးအရောင်းဆိုင်များ၊ အရောင်းပြခန်းများကိုလည်း ထည့်သွင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


