မိတ္ထီလာ  ၂၁   ဧပြီ

 

မိတ္ထီလာမြို့၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက်  အငြိမ်းစားပင်စင်များ ထုတ်ယူရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေး ပင်စင်ထုတ်သည့်နေရာ လေးနေရာဖြင့် ပင်စင်များကို ထုတ်ပေးလျက်ရှိကြောင်း မိတ္ထီလာခရိုင် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။ 

 

ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် အငြိမ်းစား ပင်စင်ထုတ်ယူသူများဖြင့် မြန်မာ့စီးပွားရေး ဘဏ်၌ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်  စီမံဆောင်ရွက်ထားလျက်ရှိရာ မိတ္ထီလာခရိုင် မြန်မာ့ စီးပွားဘဏ်မှ အငြိမ်းစားပင်စင်ထုတ်ပေးသူ (၁၂၄၀၀)ကျော်ကို လစဉ် သတ်မှတ်ရက်ဖြစ်သည့် ၂၁ ရက်နေ့မှ စတင်၍ ပင်စင်များထုတ်ပေးလျက်ရှိသည်။

 

ထိုသို့ ပင်စင်များ ထုတ်ပေးရာတွင် ယခုအချိန်ကာလ၌ ကိုဗစ်-၁၉ ရောဂါ ရောဂါဖြစ်ပွားကူးစက် မှုမရှိစေရေးအတွက် ပင်စင်ထုတ်ယူမည့်သူများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ နှာခေါင်းစည်းများ တပ်ဆင်၍ လာရောက်ရန် နှိုးဆော်ဆောင်ရွက်ထား ရှိသည့်အပြင် မြန်မာ့စီးပွားရေးဘဏ်၊ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ မြန်မာ့ စီးပွားရေးဘဏ်သို့ လာရောက်၍ ပင်စင် ထုတ်ယူသူများကို ကိုယ်ပူချိန်တိုင်းပြီး နှာခေါင်းစည်းများ မပါရှိပါက နှာခေါင်းစည်းများ အခမဲ့ တပ်ဆင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

၎င်းအပြင် လူတစ်ဦးနှင့်တစ်ဦး သုံးပေအကွာရှိစေရန် နေရာများ သတ်မှတ်ဆောင်ရွက်ခြင်းနှင့် ခေတ္တနားနေနိုင်ရန် အမိုးများ၊ ထိုင်ခုံများ စီစဉ်ဆောင်ရွက်ပေးထားသည်။ ယင်းအပြင် ပင်စင်ထုတ်ယူသူများဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ပင်စင်ထုတ်ယူသည့်နေရာကို လေးနေရာဖြင့် ပင်စင် ထုတ်ယူနိုင်ရန် စီစဉ် ဆောင်ရွက်ထားသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ပင်စင်လာရောက် မထုတ်ယူ နိုင်သူများကိုလည်း မေလ ၂၀ ရက်နေ့အထိ လာရောက်ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်။

         

ထို့အပြင် မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသူများ၏ ကားများ၊ဆိုင်ကယ်များ စနစ်တကျရှိစေရန် အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးသည့်အပြင်   ပင်စင် ထုတ်ပေးသည့် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများကိုလည်း လက်အိတ်များ  ၊ နှာခေါင်းစည်းများ တပ်ဆင်၍ ပင်စင်များထုတ်ပေးနိုင်ရန် စီမံဆောင်ရွက်ပေးထားကြောင်း မိတ္ထီလာခရိုင်မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဦးဇော်မင်းသန့်က ပြောကြားခဲ့သည်။

                                                                    

သိန်းမြင့်ကျော်(မိတ္ထီလာ)