မိတ္ထီလာ နိုဝင်ဘာ ၂၀
သမဝါယမဝါနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက် မိတ္ထီလာမြောက်ကန်တွင် တည်ဆောက်လျက်ရှိသည့် တစ်ရက် ရေဂါလန် ၆၉၀၀၀၀ ပေးဝေနိုင်မည့် မိတ္ထီလာမြို့ ရေပေးရေးလုပ်ငန်းသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က မြို့ရေပေးရေးစီမံကိန်းရှင်းလင်းဆောင်၌ စီမံကိန်းတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် မြို့ရေပေးရေး လုပ်ငန်းစီမံကိန်းကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ကျန်ရှိသော မီတာတပ်ဆင်ခြင်း လုပ်ငန်းများ အမြန်ဆောင်ရွက်သွားရန်နှင့် ရေပေးချိန်တွင် သန့်စင်သည့်ရေများ ပေးဝေနိုင်ရေး၊ စက်များ စမ်းသပ်မောင်းနှင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်တို့ကို ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီတာဝန်ခံတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ မိတ္ထီလာမြို့ ရေပေးရေးစီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Modern World Construction Co; Ltd and Sanli Environmental Myanmar Co; Ltd တို့က ၂၀၁၉ ခုနှစ် မေ ၁၆ ရက်က တာဝန်ယူ တည်ဆောက်ခဲ့ပြီး ၉၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ဒီဇင်ဘာလအကုန်တွင် အပြီးတည်ဆောက်သွားမည်ဟု သိရသည်။ အဆိုပါ မြို့ရေပေးရေးစီမံကိန်း ပြီးစီးပါက လူဦးရေ ၃၄၅၀၀ အတွက် တစ်ရက်လျှင် ရေဂါလန် ၆၉၀၀၀၀ ကို ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


