မိတ္ထီလာ ၉ ဇန်နဝါရီ
မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု ဆွာတောကျေးရွာရှိ စမ်းသပ်ဆောင်ရွက်ဆဲ လူထုအခြေပြုခရီးသွား လုပ်ငန်းသို့ နိုင်ငံစုံမှ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်လေ့လာကြောင်း အက်ရှင် အေ့ဒ်မြန်မာ (မိတ္ထီလာ) အစီအစဉ် အရာရှိ ဦးတိုးတိုးထံမှ သိရသည်။
“လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ၂၀၁၄ ခုနှစ်က မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ အက်ရှင်အေ့ဒ်မြန်မာက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ နှစ်ကုန်ပိုင်းမှာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဆွာတောကျေးရွာမှာ စတင် စမ်းသပ်ဆောင်ရွက်ခဲ့တာပါ။ ဆောင်ရွက်ဆဲကာလမှာ အာဆီယံနိုင်ငံတွေအပြင် နိုင်ငံစုံက နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေက ဆွာတောကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို လာရောက်လည်ပတ်ပြီး ဒေသခံတွေရဲ့ ကျေးလက်လူနေမှု ဓလေ့ထုံးစံတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို လေ့လာခဲ့ကြပါတယ်” ဟု ဦးတိုးတိုးက ပြောသည်။
ဆွာတောကျေးရွာတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းအတွက် လိုအပ်သည့် ပံ့ပိုးကူညီထောက်ပံ့မှုများကို အက်ရှင်အေ့ဒ်မြန်မာ (မိတ္ထီလာ)က ကူညီပေးလျက်ရှိပြီး ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ရေရှည်ကာလတွင် ဒေသခံများကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)