မိတ္ထီလာ ၁၁ နိုဝင်ဘာ
မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု ဆွာတောကျေးရွာတွင် ဝင်ငွေပိုမိုရရှိရန် ကြံသီးနှံကို အက်ရှင်အေ့ဒ်မြန်မာ(မိတ္ထီလာ)၏ ပံ့ပိုးကူညီမှုဖြင့် စတင်စိုက်ပျိုးထားကြောင်း ဒေသခံတောင်သူ အမျိုးသမီးတစ်ဦးထံက သိရသည်။
“ဆွာတောကျေးရွာမှာ ကြံသီးနှံကို တောင်သူလုပ်ငန်းကနေ ဝင်ငွေပိုမိုရရှိစေဖို့ စတင်စိုက်ပျိုးတာပါ။ အခုလိုစိုက်ပျိုးနိုင်ဖို့ အက်ရှင်အေ့ဒ်မြန်မာ(မိတ္ထီလာ)က ပံ့ပိုးကူညီခဲ့တာဖြစ်ပြီး တောင်သူအစုအဖွဲ့အနေနဲ့ စိုက်ပျိုးတာပါ။ လက်ရှိတော့ ကြံသီးနှံစိုက်ပျိုးထားတာ ဆယ်လကျော်ပြီဖြစ်ပါတယ်။ တစ်နှစ်နဲ့တစ်နှစ်ကျော်ရင် ကြံသီးနှံခုတ်ပြီး ရောင်းချနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ ကျေးရွာမှ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်သီးနှံတွေကိုလည်း စိုက်ပျိုးပေမယ့် အဲဒီသီးနှံတွေက ရာသီဥတုမကောင်းမွန်တာကြောင့် သီးနှံအောင်မြင်ဖြစ်ထွန်းမှုနည်းပါးပြီး အကျိုးအမြတ်ရတာလည်း နည်းတာကြောင့် ကြံသီးနှံကို စတင်စိုက်ပျိုးကြည့်တာပါ။ ကြံသီးနှံကနေ အကျိုးအမြတ် ရရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ဆွာတောကျေးရွာဒေသခံတောင်သူလုပ်ကိုင်သည့် ဒေါ်အေးပပမျိုးက ပြောသည်။
မိတ္ထီလာမြို့နယ် သံဘိုကျေးရွာအုပ်စု တဲလှကျေးရွာမှ ဒေသခံတောင်သူသုံးဦးအား ကြံသီးနှံစိုက်ပျိုးခြင်းဖြင့် ဝင်ငွေပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် အက်ရှင်အေ့ဒ်မြန်မာ(မိတ္ထီလာ) နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂ဝ၁၈ ခုနှစ်တွင်ဆောင်ရွက်ပေးခဲ့ရာ ကြံသီးနှံတစ်ဧကကို ငွေ ၃ဝ သိန်းကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း အက်ရှင်အေ့ဒ်မြန်မာ(မိတ္ထီလာ)မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးခင်မောင်စန်း ပြောပြ၍ သိရသည်။
ချမ်းသာ(မိတ္ထီလာ)


