mdn

မိတ္ထီလာ   အောက်တိုဘာ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆင်စလွယ် - ဥယျာဉ်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရတနာမဉ္ဇူတံတားမှာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ တိုက်စားမှုကြောင့် တံတားကျိုးကျ ပျက်စီးခဲ့သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အရှည် ပေ ၁၄၀၊ အကျယ် ၁၈ ပေရှိ သံကူကွန်ကရစ်၊ သံပေါင်တံတား အမျိုးအစားကို စက်တင်ဘာ ၁ ရက်မှ စတင်၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန (တံတားတည်ဆောက်ရေးအဖွဲ့) နေပြည်တော်မှ တာဝန်တည်ဆောက်လျက်ရှိရာ ဒီဇင်ဘာလအကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေး တာဝန်ခံထံမှ သိရသည်။

မိတ္ထီလာမြို့နယ်၊ မွေးကျေးရွာအုပ်စု၊ ဥယျဉ်ကျေးရွာအနီး ဆင်စလွယ် - ဥယျာဉ်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ရတနာမဉ္ဇူတံတားကို  ၂၀၁၉ ခုနှစ်က ဒုတိယအကြိမ်အဖြစ် ရတနာမဉ္ဇူကျောင်းဆရာတော် ဦးဥတ္တရ ဦးစီး၍ ရတနာထွန်း သီးနှံမျိုးစုံရောင်းဝယ်ရေးနှင့် စေတနာရှင် အလှူရှင်များ စုပေါင်းပြီး အရှည် ပေ ၁၈၀ ၊ အကျယ် ၁၂ ပေရှိ  သံကူကွန်ကရစ်တံတားအဖြစ် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက် ညတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရတနာမဉ္ဇူတံတား၏ တတိယမြောက် ဗို့ပိုင်တစ်လုံး ပြိုလဲသွားပြီး တံတားကျိုးကျ ပျက်စီးခဲ့ကြောင်း၊ ၎င်းတံတားသည် မွေးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများနှင့်  အခြားကျေးရွာအုပ်စုများရှိ ကျေးရွာ ၂၂ ရွာတို့မှ အုပ်စုချင်းဆက် မြို့တက်လမ်း ဖြစ်ကြောင်း၊ အဆိုပါ တံတားကျိုးကျပျက်စီးခဲ့သည့်အတွက် ဒေသခံပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာ ကြုံတွေ့ရကြောင်း မွေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဇောထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)