မိတ္ထီလာ ၄ ဒီဇင်ဘာ

 

မိတ္ထီလာမြို့နယ်ပေါ်ရှိ လမ်း၂၀အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

မြို့ပေါ်(၁၄)ရပ်ကွက်အတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော လမ်းများအား စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကျပ်သိန်း(၁၀ဝ)နှင့်အထက်ဆောင်ရွက်မည့် လမ်း(၁၇) လမ်းကို ကုမ္ပဏီများအား တင်ဒါခေါ်ယူပြီး စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျပ်သိန်း(၁၀ဝ)နှင့်အောက် ဆောင်ရွက်မည့် လမ်း(၂၀)ကို စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်မည့် ကျပ်သိန်း (၁၀ဝ) အောက် လုပ်ငန်းများဖြစ်သည့် ကတ္တရာခင်းခြင်းလုပ်ငန်းကို အောင်ဆန်း(မြို့သစ်)(၂)လမ်း၊ ကျီးတော်ကုန်းရပ်ကွက်(ရထပတပ်ပေါက်)လမ်း၊ နန်းတော်ကုန်းရပ်ကွက်ရှိ အောင်မင်္ဂလာရပ် စာသင်ကျောင်းဘေးလမ်း၊ စာသင်ကျောင်းထိပ်လမ်း၊ ရတနာမာရ်အောင်ရပ်ကွက်ရှိ မြသီတာလမ်း၊ ဘောဂဗလလမ်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို နန်းတော်ကုန်းရပ်ကွက် ပန်းသပြေလမ်း၊ ရန်မျိုးအောင်ရပ်ကွက် တရုတ်သုဿာန်ပတ်လမ်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

 

၎င်းအပြင် အောင်ဇေယျာရပ်ကွက် နယ်မြေ(၁၄)(၁၅) ထီလာဦးအဝင် လမ်းမကြီး၊ နန်းတော်ကုန်းရပ်ကွက် ရဲပေါက်ချောင်းရှေ့လမ်း၊ အောင်ဆန်းရပ်ကွက် သမုန်ကုန်းလမ်းများကို ကျောက်ချောခင်းခြင်းလုပ်ငန်းနှင့် နန်းတော်ရပ်ကွက်ရှိ ကြာအင်းအထွက်လမ်း၊ မကျီးကုန်းဘုန်းတော်ကြီးကျောင်းဘေးလမ်း၊ ချမ်းအေးနယ်မြေ (ရထားသံလမ်း ဘေးလမ်း)၊ ရန်မျိုးအောင်ရပ်ကွက်ရှိ မင်္ဂလာဇေယျုံပတ်လမ်း၊ အုတ်ကျင်းပတ်လမ်းများကို ကန့်ကားခင်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို အောင်ဆန်း(မြို့သစ်)ရပ်ကွက် ဗန္ဓုလလမ်း၊ သီရိမင်္ဂလာရပ်ကွက် ကားကြီးဝင်းပတ်လမ်း၊ ကျီးတော်ကုန်းရပ်ကွက် မိတ္တဗလလမ်းဆုံမှ ကိုးနဝင်းကျောင်းဂွေ့အထိနှင့် ထီလာဦးရပ် နယ်မြေ(၁၆)ရှိ မေခလမ်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)