မိတ္ထီလာ ၂၁ ဇန်နဝါရီလ
မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ JJ Expressမှ ရေသယ်ယာဉ်တစ်စီးပေးအပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကော်မတီဥက္ကဋ္ဌ ဒေါ်နီလာဝင်းက အမှာစကားပြောကြားခဲ့ပြီး JJ Express မှ အဖွဲ့ဝင် ဦးမျိုးဆွေက ရေသယ်ယာဉ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် JJ Express မှ တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကွန်ပျူတာ တစ်စုံပေးအပ်လှူဒါန်းခဲ့ပြီး တန်ဖိုး ငွေကျပ် သိန်း ၂၈၀ တန်ဖိုးရှိ ရေဂါလန် ၉၅၀ ဆံ့ ရေသယ်ယာဉ်တစ်စီးအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ ဆက်လက်ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
၎င်းနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှုး ဦးခင်မောင်တင်က ယခုလှူဒါန်းသည့်ရေသယ်ယာဉ်မှာ ကာလတန်ဖိုး ငွေကျပ် သိန်း ၂၈၀ ရှိပြီး ဘက်စုံအသုံးပြုရသည့် ရေသည်ယာဉ်မျိုး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှာ တစ်စီးမှမရှိခဲ့ပါကြောင်း၊ ယခုလှူဒါန်းရရှိသည့် ရေသယ်ယာဉ်ကို မြို့သာယာ လှပရေးအတွက် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ရေသယ်ယာဉ်ပေးအပ်လှူဒါန်းပွဲသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်နီလာဝင်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင်နှင့် ဝန်ထမ်းများ တက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
