မိတ္ထီလာ ၂၆ ဇွန်
နယူးဇီလန်နိုင်ငံ၏ အထောက်အပံ့ဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ တိရစ္ဆာန်ခွာနာလျှာနာရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၅ ရက်နေ့မှ စတင်၍ ခွာနာလျှာနာရောဂါကာကွယ်ဆေးကို ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးရာ ကျေးရွာ ၁၄၇ ရွာမှ နွားကောင်ရေ ၂၀ဝ၀ဝ ကျော် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
“ကျေးလက်ဒေသများရှိ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းများကို ကျွဲ၊ နွားများဖြင့် လုပ်ကိုင်လျက်ရှိရာ ခွာနာလျှာနာရောဂါသည် နှစ်စဉ်ဖြစ်ပွားလေ့ရှိ၍ ကျွဲ၊နွားများ ခွာနာလျှာနာရောဂါများ ဝင်ရောက်ခဲ့ပါက လယ်ယာလုပ်ကိုင်သူများမှာ လုပ်ငန်းများထိခိုက်ရုံသာမကဘဲ စီးပွားရေးပါ ထိခိုက်နိုင်သည်။ ၎င်းအပြင် မွေးမြူရေး လုပ်ကိုင်သူများမှာလည်း စီးပွားရေးထိခိုက်လာနိုင်၍ မွေးမြူရေး(အသားမဏ္ဍ) ထုတ်လုပ်မှု မြင့်မားကာ ဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ မြို့နယ်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးလက်အခြေခံ တိရစ္ဆာန် ကျန်းမာရေး လုပ်သားများဖြင့် ကျေးရွာများသို့ အဖွဲ့(၆)ဖွဲ့ ခွဲ၍ ကွင်းဆင်းပြီး ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ရောဂါဖြစ်ပွားနိုင်ခြေများသော ဒေသများနှင့် ရောဂါပျံနှံ့မှုအတွက် အရေးကြီးသော ဒေသများတွင် ကာကွယ်ဆေး အခမဲ့ဆေးထိုးနှံ ပေးခြင်းများဖြင့် ခွာနာလျှာနာရောဂါဖြစ်ပွားမှု လျော့ကျစေရန် ဆောင်ရွက်လျက်ရှိကြောင်း” မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်က ပြောကြားခဲ့သည်။
အဆိုပါ ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံခြင်းလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၄)မြို့နယ်၌ ဆဋ္ဌမအကြိမ်မြောက်အဖြစ် ဇွန်လ ၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ တစ်ပြိုင်နက် ထိုးနှံပေးရာ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၃၅ အုပ်စု ကျေးရွာ ၁၄၇ ရွာမှ နွားကောင်ရေ (၂၀၁၆၄) ခန့်ကို ကာကွယ်ဆေး အခမဲ့ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


