မိတ္ထီလာ၊ ၂၇ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ခါးကော့ကျေးရွာတွင် ဒီဇင်ဘာ ၂၆ ရက်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးတွင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်က ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နှင့် မြို့ပြ ကွာဟမှုများ ကျဉ်းမြောင်းစေရန်၊ ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှု တိုးတက်လာစေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၀၀) ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများမှ ပူးပေါင်း၍ မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်စီမံချက် ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကြောင်းကို ဒေသခံပြည်သူများ သိရှိစေရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာသူကျေးရွာသားများ၏ သဘောဆန္ဒဖြင့် ရွေးချယ်ထားသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ၄၃ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထမုန်ကန်၊ ချောက်ပင်၊ အရှေ့ကုန်း၊ ပန်းသွင်း၊ အင်းကံ၊ ကန်တောင်၊ ခင်သာ၊ ကုက္ကိုပင်၊ သဲကုန်း၊ ကျွန်းဖိုပင်၊ မကျီးကန်၊ နွားစင်းငုတ်၊ ကြာကန်၊ ထိန်ကန်၊ အောင်သာ၊ ဘုံစုကန်၊ ကန်နီ(အနောက်)၊ ခါးကော့၊ ကျောင်းရာကန်၊ ကျောက်ပုံ ကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ) (ပြန်/ဆက်)


