မိတ္ထီလာ ၅ မေ
မိတ္ထီလာမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီသို့ အထောက်ကူပြုပစ္စည်းများကို အလှူရှင်များမှ ပေးအပ်လှူဒါန်းပွဲကို မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် ဒေသခံစေတနာရှင် အလှူရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များက ဝိုင်းဝန်းကူညီပံ့ပိုးလှူဒါန်းပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်လှူဒါန်းကူညီကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ တာဝန်ရှိသူများထံသို့ ကံလင်းလက်ဘက်ရည်ဆိုင်မိသားစုက မျက်နှာနှာခေါင်းစည်း ( Mask ) ခုရေ ၁ဝဝဝ ၊ အာရှအချိုရည်ကုမ္ပဏီက အချိုရည်ဘူးကတ် ၁၅ဝ ၊ White Marker Group ( သာစည် ) က အာရုံခံစနစ်ဖြင့် လူ့ခန္ဓာကိုယ်ကို ပိုးသတ်ဆေးဖျန်းသည့်စက် တစ်ခု တို့ကို အသီးသီးပေးအပ်လှူဒါန်းရာ ၎င်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ပရဟိတအသင်းအဖွဲ့များ ၊ဒေသခံ စေတနာရှင်အလှူရှင်များက စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


