မိတ္ထီလာ ၁၂ မတ်လ
မိတ္ထီလာမြို့နယ် ကန်နီကျေးရွာနှင့် အောင်ကန်ကျေးရွာတို့တွင်တို့ မိုးကြို ချည်မျှင်ရှည်ဝါ အထူးဇုံ ဧက ၁၀ဝ ကို ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်၍ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသများတွင် စီးပွားရေး တွက်ချေကိုက်၍ ဒေသနှင့် အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့် သီးနှံကို ရွေးထုတ်ရာတွင် ဝါသီးနှံမှာ ရာသီဥတုဒဏ်ခံနိုင်ပြီး ဈေးနှုန်းမှာလည်း လျော့နည်းခြင်း မရှိသည့်အတွက် ယခုလို ကန်နီကျေးရွာနှင့် အောင်ကန်ကျေးရွာ တို့တွင် ချည်မျှင်ရှည်ဝါ ဧက (၁၀ဝ) စိုက်ပျိုးခြင်းဖြစ်သည်။ ၎င်း ချည်မျှင်ရှည်ဝါ စိုက်ပျိုးရာတွင် ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးရရှိစေရန်နှင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်၊ လယ်ကွက်များ၏ ပုံသဏ္ဍာန်၊ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲ စိုက်ပျိုးထုတ်လုပ်ရန် စသည့် စိုက်ပျိုးရေး နည်းပညာများ သိရှိစေရန် အသိပညာပေး ဆွေးနွေးခြင်းများ၊ သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ချည်မျှင်ရှည်ဝါ ဧက(၁၀ဝ) စိုက်ပျိုးရာတွင်လည်း တစ်ဧကလျှင် ပိဿာတစ်ထောင် ထွက်ရှိရေး စိုက်ပျိုးရေးဝန်ထမ်းများမှ လိုအပ်သည့် နည်းပညာများ ပံ့ပိုးကူညီ၍ ဒေသခံတောင်သူများနှင့်အတူ ချည်မျှင်ရှည်ဝါများကို စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက ပြောကြားခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုံဧက (၁၀ဝ) စိုက်ပျိုးလျက်ရှိရာ မိတ္ထီလာကန်ရေဖြင့် ကွင်းအမှတ် ၆၀၆၊ ၆၀၇ တို့တွင် မကျီးစုကျေးရွာနှင့် ကန်နီကျေးရွာတို့မှ တောင်သူ (၃၀)ဦးတို့မှ မိုးကြိုချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုံ ဧက(၅၀)ကို စိုက်ပျိုးလျက်ရှိသည်။ ၎င်းအပြင် ညောင်ကုန်းဆည်ရေဖြင့် ကွင်းအမှတ် ၁၀၂၇၊ ၁၀၂၈တို့တွင် အောင်ကန်၊ တည်ပင်ကုန်း၊ ဥသျှစ်ကုန်း ကျေးရွာများမှ တောင်သူ (၂၈)ဦးတို့မှ (ရွှေတောင်-၈) အထူးဇုံ ဧက(၅၀)ကို စိုက်ပျိုးရေး ဝန်ထမ်းများနှင့်အတူ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


