မိတ္ထီလာ  ၂၈   မေ

မိတ္ထီလာမြို့နယ် ကဖြူစံပြကျေးရွာတွင်  တစ်ပိုင်တစ်နိုင် မြက်ဖျာရက်လုပ်သည့်လုပ်ငန်းကို ကျေးရွာရှိ အိမ်ခြေ  ၇၀ ကျော်မှ အမျိုးသမီးများ ရက်လုပ်လျက်ရှိကြောင်း မြက်ဖျာရပ်လုပ်လျှက်ရှိသည့် ဒေသခံ တစ်ဦးထံမှ သိရသည်။

 

ကဖြူစံပြ​ကျေးရွာတွင် မြက်ဖျာရက်လုပ်သည့် လုပ်ငန်းကို ဘိုးဘွားစဉ်ဆက်မှ လုပ်ကိုင်ခဲ့ကြပြီး ကျေးရွာအတွင်းရှိ အိမ်ခြေ ၁၄၀ တွင်   အိမ်ခြေ ၇၀ ကျော်မှ အမျိုးသမီးများက  မြက်ဖျာရက်လုပ်သည့် လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ ထိုသို့ မြက်ဖျာရက်လုပ်သည့် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သော ဝက်လံပင်အခြောက်များကို မိတ္ထီလာမြို့ပေါ်မှ တစ်စည်းကို ငွေကျပ် နှစ်ရာနှုန်းဖြင့် ဝယ်ယူရပြီး မြက်ဖျာ စတင်ရက်လုပ်ပါက ဝက်လံပင် အခြောက်များကို ရေအနည်းငယ် စွတ်ပြီးမှ ရက်လုပ်ရသည်။ မြက်ဖျာ ရက်လုပ်ရာတွင် အရှည် လေးတောင် တစ်ထွာ ၊ အနံ ၂ တောင် တစ်ထွာရှိ  မြက်ဖျာတစ်ချပ်လျှင် ဝက်လံပင် နှစ်စည်းနှင့်အတူ  ယခင်က အသုံးပြု လျက်ရှိသည့်  နာနတ်လျှော်အစား ပလတ်စတစ်ကြိုး​များကို အသုံးပြု၍ မြက်ဖျာရက်လုပ်လျက်ရှိသည်။  ၎င်းပလတ်စတစ်ကြိုးများအသုံးပြုရာတွင်  ငွေကျပ် ၃၅၀၀ ပေးရသည့် ပလတ်စတစ်ကြိုးခွေ တစ်ခွေလျှင် မြက်ဖျာ ၂၅ ချပ် ရရှိသည်။ ယင်းတို့ မြက်ဖျာများ ရက်လုပ်ရာတွင် တစ်ရက်လျှင် လူတစ်ဦး သုံးချပ် ပြီးစီးသည်။ ၎င်းရက်လုပ်ပြီး မြက်ဖျာများကို ကျေးရွာအရောက် လာရောက် ဝယ်ယူသူများကို  မြက်ဖျာ တစ်ချပ်လျှင် ငွေကျပ် နှစ်ထောင်ဖြင့် ရောင်းချကြသည့်အပြင် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များ အတွင်းရှိ ကျေးရွာများသို့ မော်တော်ဆိုင်ကယ်များဖြင့် ကိုယ်တိုင် လှည့်လည် ၍ မြက်ဖျာတစ်ချပ်လျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း မြက်ဖျာရက်လုပ်သူ ဒေါ်ညိုညိုက ပြောကြားခဲ့သည်။

 

ကဖြူစံပြကျေးရွာမှ ရက်လုပ်သည့် မြက်ဖျာများမှာ နွေရာသီတွင် အေး၍ ဆောင်ရာသီတွင် နွေးလျက်ရှိ သောကြောင့် မြက်ဖျာများမှာ ဆောင်းရာသီတွင် ပိုမိုရောင်းအား ကောင်းလျက်ရှိသည်။ အဆိုပါမြက်ဖျာရက် လုပ်သည့်လုပ်ငန်းကို ကဖြူစံပြကျေးရွာတွင်သာမက အနီးအနားကျေးရွာများဖြစ်သည့် သပြေပင်ကျေးရွာနှင့် ညောင်ကားယားကျေးရွာတို့ရှိ ဒေသခံပြည်သူများကလည်း တစ်ပိုင်တစ်နိုင် ရက်လုပ်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)