မိတ္ထီလာ ၂၇ ဇန်နဝါရီ

 

မိတ္ထီလာမြို့နယ် ကူတော်ကျေးရွာ၌ အမှတ်(၁၅၇) အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီခွဲက အဆိုပါမုဒ်ဦးရှေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

8996320

 

ရှေးဦးစွာ ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ပညာရေးမှူးက အမှတ်(၁၅၇) ကူတော်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသန်းချိုထံ ကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများအား ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ပြီး ကျောင်းဖွင့်ပွဲအခမ်းအနား ဖြစ်မြောက်ရေး အလှူရှင် ဦးကျော်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါ ကူတော်ကျေးရွာ အမှတ်(၁၅၇) အခြေခံပညာ အလယ်တန်းကျောင်းကို ကူတော်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသားကျောင်းသူ (၁၅၀)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)