မိတ္ထီလာ  ၂၄  နိုဝင်ဘာ

 

မိတ္ထီလာမြို့နယ် လွန်ငင်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေ ကျပ် ၉.၇ သန်းဖြင့် မြေသား ရေကန်ပြန်လည် တူးဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများ၌ နွေရာသီတွင် သောက်သုံး ရေ လိုအပ်ချက် မရှိစေရန် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ မြေသားရေကန်များ တူးဖော်ခြင်း လုပ်ငန်း၊ ရေစင် တည်ဆောက်ခြင်း၊ အုတ်ရေကန်တည်ဆောက်ခြင်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင် ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ သောက်သုံးရေလိုအပ်လျှက်ရှိသော  အင်းကျေးရွာအုပ်စု လွန်ငင်ကျေးရွာတွင် အကျယ် အလျား ပေ ၂၃၀  ၊ အနံ ၁၂၅ ပေနှင့် အနက် ၄ ပေရှိ မြေသားရေကန်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွမ်းမံ ရန်ပုံငွေကျပ် ၉.၇ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ နိုဝင်ဘာလ ကုန်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။

 

အဆိုပါ မြေသားရေကန် ပြန်လည်တူးဖော်ပြီးစီးပါက ဒေသခံပြည်သူများနှင့် ၎င်းတို့မွေးမြူထားသော တိရစ္ဆာန်များ သောက်သုံးရေအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)