မိတ္ထီလာ၊ ၁၆ ဒီဇင်ဘာ
မိတ္ထီလာမြို့နယ် အင်းကျေးရွာအုပ်စု လွန်ငင်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေ ကျပ် ၉ ဒသမ ၇ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြေသားရေကန် ပြန်လည် တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများ၌ နွေရာသီတွင် သောက်သုံးရေ လိုအပ်ချက်မရှိစေရန် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ မြေသားရေကန်များ တူးဖော်ခြင်း လုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်း၊ အုတ်ရေကန်တည်ဆောက်ခြင်းများကို ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ သောက်သုံးရေလိုအပ်လျက်ရှိသော အင်းကျေးရွာအုပ်စု လွန်ငင်ကျေးရွာတွင် အကျယ် အလျား ပေ ၂၃၀ ၊ အနံ ၁၂၅ ပေနှင့် အနက် ၄ ပေရှိ မြေသားရေကန်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေ ကျပ် ၉ ဒသမ ၇ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ၍ ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်၍ မြေသားရေကန်အနက်နှိုက်တူးဖော်လျက်ရှိရာ အဆိုပါ မြေသားရေကန် ပြန်လည် တူးဖော်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် ဝန်ထမ်းများက ကျေးရွာရေကော်မတီများအား မြေသားရေကန် ထိန်းသိမ်းနည်းဆိုင်ရာ လမ်းညွှန်ချက်များ၊ ကာကွယ်ရန်နည်းလမ်းများအား ယမန်နေ့က သင်တန်းပို့ချ ခဲ့ပြီး လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေသားရေကန် ပြန်လည်တူးဖော်ပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများ သောက်သုံးရေအတွက် အဆင်ပြေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


